DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်၌ ကချင်ရိုးရာယဥ်ကျေးမှုရုံး အစည်းအဝေးလာသည့် ဒေသခံ ၃၀ ခန့် ဖမ်းဆီးခံရ
DVB
·
March 12, 2023
ဖားကန့်မြို့နယ်၌ ကချင်ရိုးရာယဥ်ကျေးမှုရုံး အစည်းအဝေးလာသည့် ဒေသခံ ၃၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာမှာ ဒေသခံပြည်သူ အယောက် ၃၀ လောက်ကို  မတ် ၁၁ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖားပြင် ကချင်ရိုးရာယဥ်ကျေးမှုရုံးမှာ အစည်းအဝေးလုပ်ဖို့ ရောက်ရှိနေတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ လောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သေနတ်ဖောက်ပြီး ဝင်လာတော့ ရွာထဲကလူတွေ အကုန်ပြေးကြတာ။ အဖမ်းခံရသူတွေကိုတော့ ကြိုးတုပ်ပြီး ခေါ်သွားတာတွေ့ရတယ်။ ရွာအဝင်အထွက်တွေကိုလည်း ကင်းချပြီး စစ်ဆေးနေတာ။ လောပန်းတွေလည်းပါသွားတယ်။ ဖားပြင်ရုံးမှာ အစည်းအဝေးလုပ်ဖို့ လူစုနေတုန်း ဖမ်းခံလိုက်ရတာ။”

ဖမ်းဆီးခံရသူတွေထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အုပ်ချုပ်ရေးအရာရှိတချို့နဲ့ ဒေသခံလုပ်ငန်းရှင်တချို့ပါဝင်ပြီး သေနတ်ကျည်ထိမှန်ထားသူ နှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေက ပြောပေမယ့်  ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မတ် ၁၁ ရက်နေ့ မနက် ၄ နာရီလောက်ကလည်း မှော်မောင်းလျန်ကျေးရွာအနီး ရေမဆေးကျောက်တူးသမား ၂ ဦးကို ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး စစ်ကောင်စီတပ်တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလတုန်းက ဖားကန့်မြို့၊ အနန့်ပါမှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တုန်းက ကေအိုင်အေ အမှုထမ်းတွေနဲ့ အရပ်သားပြည်သူရာနဲ့ချီ သေဆုံးခဲ့တာပါ။

အဲဒီဖြစ်စဥ်နောက်မှာ စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့နယ်ထဲ စစ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသလို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတာပါ။

ဖားကန့်မြို့နယ်ထဲ စစ်ကောင်စီက ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတာကြောင့်လည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013