DVB Logo
Home
မြန်မာသတင်း
ခေါင်လန်ဖူးမြို့နယ် ထလားလော်ကျေးရွာက နေအိမ်နှင့်စျေးဆိုင်များကို အဓမ္မပြောင်းရွှေ့ခိုင်း
DVB
·
March 11, 2023
ခေါင်လန်ဖူးမြို့နယ် ထလားလော်ကျေးရွာက နေအိမ်နှင့်စျေးဆိုင်များကို အဓမ္မပြောင်းရွှေ့ခိုင်း
Donate to DVB

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ထလားလော်ကျေးရွာက လူနေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေကို မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်တွေက ခြိမ်းခြောက်ဖျက်ဆီးပြီး အတင်းအဓမ္မပြောင်းရွှေ့ခိုင်းနေတာကြောင့် ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

မတ် ၉ ရက်က ခေါင်လန်ဖူးအုပ်ချုပ်ရေးမှူးအပါအဝင် ရဲတွေပါ ရောက်ရှိလာပြီး ထလားလော်ကျေးရွာ နေအိမ်တွေကို အတင်းအဓမ္မခြိမ်းခြောက် ဖျက်ဆီးပြီး ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ အဲ့ဒီအုပ်ချုပ်ရေးမှူးနဲ့ ရဲ ၇ ယောက်၊ ၈ ယောက် စခန်းမှူးနဲ့လာပြီးတာ့မှ ထလားလော်မှာနေတဲ့ လူတွေ ရွာသားတွေကို အိမ်တွေဖြုတ်ခိုင်းတယ်။ အိမ်တအိမ်ဆိုရင် ဒီနေ့သူတို့ ညဘက်ဘုရားရှိခိုးရှိတာ အကုန်လုံး ပြင်ဆင်ပြီးမှ ဘုရားရှိခိုးတဲ့အချိန်မှ အသည်းအသန် မရဘူးဆိုပြီးတော့မှ သေနတ်တွေနဲ့ လက်ထိတ်တွေနဲ့ လက်ထိတ်ခတ်မယ်၊ သေနတ်ပစ်မယ်ဆိုပြီးမှ ခြိမ်းခြောက်ပြီးတော့ အိမ်တွေကိုဖျက်ခိုင်းတော့ ရွာသားတွေလည်း တော်တော်လေး ဒုက္ခရောက်သွားကြတယ်ပြောတယ်” ဒေသခံတဦးက ပြောပါတယ်။

ထလားလော်ကျေးရွာဟာ ရွာအထက်မှာရှိတဲ့ တရုတ်-မြန်မာနယ်စပ် ရှိန်းခေါင်ရွာအထိ ကျေးရွာပေါင်း ၂၀ လောက် မှီခိုနေကြပြီး လူဦးရေအနည်းဆုံး ၅ သောင်းလောက်က စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လူသုံးကုန် ပစ္စည်းတွေအတွက် မှီခိုနေကြရတဲ့ရွာကြီး ဖြစ်ပါတယ်။ 

အဲဒီဒေသမှာ ရှောက်ကောလို့ခေါ်တဲ့ တရုတ်ရိုးရာ ဟင်းလျာတွေနဲ့ တိုင်းရင်းဆေးတွေမှာ အသုံးပြုတဲ့ သီးနှံကို အဓိက စိုက်ပျိုးထုတ်လုပ်ကြတာဖြစ်ပြီး တရုတ်နိုင်ငံကို နယ်စပ်ကတဆင့် တင်ပို့ရောင်းချကာ တရုတ်နိုင်ငံကနေ ဆန်ကအစ အထွေထွေစားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ပြန်လည်ဝယ်ယူအသုံးပြုနေကြပါတယ်။

နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ရှောက်ကောစိုက်ပျိုးပြီး တည်ငြိမ်နေခဲ့တဲ့ ကျေးရွာတွေဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်မှာ တရုတ်နယ်စပ် ပိတ်လိုက်တဲ့အတွက် စားဝတ်နေရေး ခက်ခဲလာကြပါတယ်။

စစ်ကောင်စီယာဥ်တန်း ဖြတ်သန်းချိန်မှာ ထလားလော်ကျေးရွာက စျေးဆိုင်ခန်းတွေမှာ စည်ကားနေတဲ့အတွက် ခြောက်ကပ်နေတဲ့ ခေါင်လန်ဖူးမြို့ကို စည်းကားစေချင်တဲ့အတွက် ထလားလော်ကျေးရွာကို စျေးဆိုင်ခန်းတွေရွှေ့ပြောင်းဖို့ လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။

ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ဒေသခံတွေအနေနဲ့ အခက်အခဲတွေကို ကိုယ့်အားကိုယ်ကိုးပြီး အသက်ဆက်နိုင်အောင် ကြိုးစားနေထိုင်ကြရပေမယ့် စစ်ကောင်စီက အဓမ္မပြောင်းရွှေ့ခိုင်းတာက အခက်အခဲ ပိုပြီးဖြစ်ရတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

“အမိန့်ထုတ်တာဆိုတော့ မပြောင်းဘူးဆိုရင် အရေးယူမယ်လို့ပြောတာပေါ့။ အိမ်ရွှေ့ရတယ်ဆိုတော့ အခက်အခဲအများကြီးရှိတယ်။”

အလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ တောင်ပေါ်သားတွေမှာ ကျောက်တောင်တွေ၊ ရေခဲတောင်တွေပေါ်မှာ သစ်မြစ်၊ သစ်ဥနဲ့ အမဲလိုက်ရှာဖွေပြီး ပင်ပန်းကြီးစွာ အသက်မွေးကြရတာပါ။ ဒါကြောင့် နယ်စပ်ဒေသမှာ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ လိုအပ်လာတဲ့အခါ အန္တရာယ်များတဲ့ အလုပ်တွေကိုစွန့်ခွာပြီး အရောင်းအဝယ်လုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်လာကြတာဖြစ်ပါတယ်။

“ကလေးတွေကျောင်းထောက်ပံ့ဖို့ ဒါပဲလုပ်စားနေတာလေ။ ဒါပေမဲ့ အကုန်လုံးကို ဖြုတ်ခိုင်းလို့လေ။ ဒီမှာအရမ်းဒုက္ခတွေရောက်နေတယ်။ ကလေးတွေအတွက် စရိတ်လည်းမရှိ၊ ခုတော့၊ ပစ္စည်းတွေလည်း ဘယ်မှမထား၊ ရွှေ့ဖို့လည်းမရှိ အရမ်းဒုက္ခရောက်တယ်။ ကလေးအမေတွေလည်း အပြည့် ဒုက္ခရောက်တာလေ။”

ပူတာအို-ခေါင်လန်ဖူးလမ်းပေါ်ရှိ ထလားလော်ကျေးရွာက စျေးဆိုင်ခန်းတွေကို ဖျက်သိမ်းခိုင်းပေမယ့် ဒေသခံတွေကတော့ စျေးရောင်းကောင်းတဲ့ စျေးကွက်တည်ရှိရာနေရာကို မစွန့်ခွာနိုင်ဘဲ ကားလမ်းအထက်က ကျဥ်းမြောင်းတဲ့ တောင်စောင်းနေရာတွေမှာ ပြောင်းရွှေ့နေကြပါတယ်။ 

ဒါ့အပြင် တောင်ကျချောင်းကမ်းဘေးက အနိမ့်ပိုင်းတွေမှာ ပြောင်းရွှေ့နေကြရတဲ့အတွက် မိုးတွင်းရောက်လာရင် မြေပြိုတာတွေ၊ ချောင်းရေလျှံတာတွေ ဖြစ်ပေါ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013