DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံး ၁၀ မြို့တွင် ရန်ကုန်ပါဝင်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်စေနိုင်
DVB
·
March 11, 2023
ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံး  ၁၀ မြို့တွင် ရန်ကုန်ပါဝင်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်စေနိုင်
Donate to DVB

ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဝါးဆုံးမြို့  ၁၀ မြို့ မှာ ရန်ကုန်မြို့ ပါဝင်နေပြီး ရန်ကုန်ရဲ့ လေထု အရည်အသွေးဟာ PM ၂ ဒသမ ၅ အနီရောင်အဆင့်မှာရှိတာကြောင့် ပြည်သူတွေရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေးနည်းပညာကုမ္ပဏီဖြစ်တဲ့ IQ Air ရဲ့ မတ်လ ၁၀ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆိုးဆုံး ၁၀ မြို့စာရင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အဆိုးဝါးဆုံး နံပတ် ၁ ပထမနေရာ၊ ပါကစ္စတန်နိုင်ငံ လာဟိုမြို့က နံပတ် ၂ ဒုတိယနေရာနဲ့၊ ရန်ကုန်မြို့ကတော့ နံပတ် ၃ တတိယနေရာမှာ အသီးသီးရှိနေတာဖြစ်ပါတယ်။ 

ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေး Air Quality Index (AQI) အဆင့် သတ်မှတ်ချက်ဟာ ၁၇၃ ရှိပြီး ဒါဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အနီရောင်ဆင့်လို့ ပညာရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ လက်ရှိ လေထုညစ်ညမ်းမှုဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ ပိုမို ခံစားရနိုင်ပြီး အထူးသဖြင့် ခံနိုင်ရည်အားနည်းတဲ့ အသက်ရွယ်ကြီးသူတွေနဲ့ ကလေးငယ်တွေမှာ ပိုပြီး ခံရနိုင်ချေ ပိုများတယ်လို့ ဆရာဝန်တစ်ဦးက သုံးသပ်ပြောပါတယ်။

“လေထု ညစ်ညမ်းမှုကို ပထမဆုံး ခံရမယ့်သူတွေက အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါ ရှိတဲ့သူတွေ၊ လူကြီးတွေနဲ့ ကလေးတွေပေါ့။ ကလေးတွေဆိုလည်း အဆုတ်က ကောင်းကောင်း မဖွံ့ဖြိုးသေးဘူး။ လူကြီးတွေမှာလည်း အဆုတ်က ကောင်းကောင်း အလုပ် မလုပ်တော့ဘူး။ နောက်တခုက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေရှိတဲ့အခါ နေမကောင်းဘူး အဆုတ်မကောင်းဘူးပေါ့။ ဒီလူတွေက ပထမဆုံး ခံစားရမယ့်သူတွေ။ သာမန် လူတွေမှာလည်း အသက်ရှုလမ်းကြောင်းရောဂါ မရှိသူတွေလည်း ဒီပြဿနာကို ခံစားနိုင်တယ်။ လေထုထဲမှာ အဆိပ်သင့်တဲ့ ပမာဏ ဘယ်လောက်ထိ ပါလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ပမာဏ များလာလေလေ ပိုပြီး ထိခိုက်လေပဲ။ အများစုက ကာဗွန်ဒိုင်အောက်ဆိုဒ်ပေါ့။ တချို့မှာ အက်ဆစ်လိုတွေပါ ပါလာတော့ မျက်လုံးတွေ စပ်တာ။ လည်ချောင်းတွေ ခြောက်ပြီး ကွဲအပ်ကုန်တာ။ အသားတွေ ခြောက်တာပါ ဖြစ်တတ်တယ်။”

လေထုညစ်ညမ်းမှု အဆင့်ကို ၆ ဆင့်အထိ သတ်မှတ်ပြီး ကောင်းမွန်တဲ့ အဆင့် (အစိမ်းရောင်)၊ အလယ်အလတ်အဆင့် (အဝါရောင်)နဲ့ ခံနိုင်ရည် နည်းပါးသူတွေကို ထိခိုက်တဲ့ အဆင့် (လိမ္မော်ရောင်)၊ ကျန်းမာရေး ထိခိုက်တဲ့အဆင့် (အနီရောင်)၊ ကျန်းမာရေး အလွန်ထိခိုက်တဲ့ အဆင့် (ခရမ်းရောင်)နဲ့ အန္တရာယ်ရှိတဲ့ အဆင့် (အညိုရောင်) ဆိုပြီး သတ်မှတ်ကြပါတယ်။

ရန်ကုန်မြို့ရဲ့ လေထု အရည်အသွေးဟာ PM 2.5 အနီရောင်အဆင့်မှာ ရှိနေပြီး ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ လေထုညစ်ညမ်းမှု ဒဏ်ကို ကာကွယ်ဖို့ဆိုရင် အတတ်နိုင်ဆုံး အိမ်ထဲမှာ နေဖို့၊ အပြင်သွားရင် Mask တပ်ဖို့နဲ့ တဦးချင်း လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ အပြုအမူတွေ လျှော့ချဖို့ ပညာရှင်တွေက ပြောပါတယ်။

လေထုညစ်ညမ်းမှုနဲ့ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ဆောင်ရန် ရှောင်ရန်တွေနဲ့ပတ်သက်ပြီး ပညာရှင်တဦးက “ဘယ်လို ကာကွယ်မလဲဆို တတ်နိုင်သမျှ အိမ်ထဲနေတာ အကောင်းဆုံးပဲ။ နောက်တခုက အဲကွန်းမှာ လေသန့်စင်စနစ်တွေပါတယ်။ လေသန့်စင်စက်လေးတွေ သုံးသင့်တယ်။ အပြင်မှာနေရင်တော့ အထူးသဖြင့် မြူအရမ်းဆိုင်းနေမယ် ကိုယ့်စိတ်ထဲ အသက်ရှုကျပ်နေမယ်ဆို Mask တပ်ပါ။ ရေများများသောက်ပါ။ ဒီအချိန် ရေဓာတ် လိုအပ်ရင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ပိုဖြစ်နိုင်တယ်။ အိမ်မှာ လေထု သန့်စင်တဲ့ စနစ်တွေ ထားနိုင်ရင် ကောင်းမယ်။ မနက်ပိုင်းတွေမှာ ဘာလို့ တအား လေထုညစ်ညမ်းလဲဆိုရင် အမှိုက်တွေ မီးရှို့တာ ပါတယ်။ ရှို့လိုက်တဲ့ အရာတိုင်းက လေထုထဲရောက်တယ်။ အမှိုက် မီးရှို့မယ့်အစား မြေဆွေး ပြန်လုပ်ဖို့ တိုက်တွန်း အကြံပြုတယ်။ ကိုယ်တိုင်ကလည်း လေထုညစ်ညမ်းမှုကို ကိုယ့်ဆီ မရောက်အောင် ကာကွယ်သလို ကိုယ်တိုင်ကလည်း လေထုညစ်ညမ်းမှု မဖြစ်အောင် လျှော့ချမယ်”လို့ အကြံပြုပါတယ်။

လေထုညစ်ညမ်းမှုကို အဓိက ဖြစ်စေတာဟာ မော်တော်ယာဉ်တွေ၊ စက်ရုံတွေ၊ အဆောက်အအုံတွေနဲ့ တောမီးရှို့တာ၊ အမှိုက်ပုံ မီးရှို့တာ၊ တဦးချင်း မီးရှို့တာတွေကြောင့်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့တွေက ပြောပါတယ်။

အများပြည်သူ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့ ညစ်ညမ်းမှုတွေထဲမှာ အမှုန်အမွှားတွေ၊ ကာဗွန်မိုနောက်ဆိုဒ်၊ အိုဇုန်း၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုဒ်နဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်တို့ ပါဝင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နာတာရှည် အဆုတ်ရောင်ရောဂါ၊ အဆုတ် ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းရောဂါတွေ ခံစားရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန်ချက်အရ သိရပါတယ်။

အိမ်တွင်းနဲ့ ပြင်ပ လေထုညစ်ညမ်းမှုတွေကြောင့် ကမ္ဘာမှာ နှစ်စဉ် အရွယ်မတိုင်မီ သေဆုံးမှု လူဦးရေ ၇ သန်း ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013