DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း လွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်၊ ဆန့်ကျင်သူများကို မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းနေ
DVB
·
March 10, 2023
ကမ္ဘာတဝန်း လွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်၊ ဆန့်ကျင်သူများကို မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းနေ
Donate to DVB

မြန်မာစစ်တပ်ဟာ တော်လှန်ရေးလှုပ်ရှားမှုတွေကို နှိမ်နင်းရာမှာ ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကို တိုးမြှင့်အသုံးပြုလာပြီး သြဇာကြီးမားတဲ့ အတိုက်အခံတွေကို ကွပ်မျက်တာ အပါအဝင် လူတဦးတယောက်ချင်းစီကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေကြောင်း အမေရိကန်အခြေစိုက် Freedom House လူ့အခွင့်အရေးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာတဝန်း လွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတင် မြန်မာစစ်တပ်ဟာ လူပေါင်း ၂,၇၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၁၆,၈၀၀ နီးပါးကို ဖမ်းဆီးခဲ့ကာ အာဏာသိမ်းပြီးကတည်းက လူပေါင်း ၁,၉၀၀ ကျော်ကိုပါ ထောင်ဒဏ်တွေချမှတ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့် လုံးဝမရှိတော့တဲ့အပြင် အရပ်ဘက်လွတ်လပ်ခွင့် အတွက် အမှတ်ပေးရာမှာလည်း ၉ မှတ်သာ ရရှိခဲ့တယ်ဆိုပြီး ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။

ဒီမိုကရေစီအရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သုတေသနလုပ်ကာ အားပေးထောက်ခံလေ့ရှိတဲ့ ဒီအဖွဲ့က ရမှတ် ၁၀၀ ပေးရာမှာ မြန်မာနိုင်ငံအနေနဲ့ ၉ မှတ်သာ ရရှိခဲ့တာကြောင့် လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အရပ်သားအစိုးရဆီက အာဏာသိမ်းယူမှုကြောင့် နိုင်ငံတော်အုပ်ချုပ်ရေး ကဏ္ဍအပြင် ပညာရေး၊ ကျန်းမာရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အခွန်ကောက်မှုကဏ္ဍတွေ ဟာလည်း လုံးဝပျက်ပြားသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ အသေးစိတ်အချက်အလက်စာတမ်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ စုစုပေါင်းမြို့နယ်တွေရဲ့ ၂၂ ရာခိုင်နှုန်းကိုသာ စစ်တပ်က အပြည့်အဝထိန်းချုပ်ထားနိုင်တယ်လို့ ပါဝင်ပြီး နယ်မြေစိုးမိုးရေးကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်ဖို့အတွက်လည်း ခဲယဉ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့်သြဂုတ်လမှာ ရွေးကောက်ပွဲအသစ် ကျင်းပပေးမယ်လို့ ကတိပြုထားကာ ရွေးကောက်ပွဲနဲ့အတူ နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးပမ်းနေပေမဲ့လည်း မြန်မာနိုင်ငံအနှံ့အပြားမှာတော့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၃ ရက် တနေ့တည်းမှာတင် ကချင်ပြည်နယ်ရှိ ကျေးရွာတရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အနည်းဆုံး လူအယောက် ၈၀ သေဆုံးခဲ့ရပြီး အရပ်သားသိန်းနဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ Freedom House အဖွဲ့က ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အန်အယ်လ်ဒီပါတီရဲ့  လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၃ ဦး အပါအဝင် ပါတီဝင် အယောက် ၅၀ နီးပါးအထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ပါတီဝင်အယောက် ၉၀၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့အထဲက ၁၀၉ ဦးဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းအထိ ထောင်ထဲမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစလို့ သတင်းလွတ်လပ်ခွင့်အပေါ် ဖိနှိပ်ဖြိုခွင်းမှုတွေကြောင့် အမှီအခိုကင်းတဲ့ သတင်းဌာနတွေဟာ ပြည်ပထွက်ခဲ့ရသလို ပြည်တွင်းမှာ အန္တရာယ်ကြားက တိတ်တဆိတ် လုပ်ငန်းလည်ပတ်နေတာတွေလည်း ရှိပါတယ်။

အမေရိကန်က သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကတော့ မြန်မာနိုင်ငံမှာ အနည်းဆုံး သတင်းထောက် ၄၂ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ အကျဉ်းကျခံနေရဆဲဖြစ်ပြီး ဒါဟာ တရုတ်နဲ့ အီရန်ပြီးရင် တတိယမြောက် အများဆုံး ပမာဏလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းက ဒါဇင်နဲ့ချီတဲ့ သတင်းထောက်တွေဟာ လွတ်မြောက်ရာကို တိမ်းရှောင်ခဲ့ကြရပြီး ဂျပန်အစိုးရရဲ့ ကြားဝင်ဖြေရှင်းပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာတဲ့ ဂျပန်သတင်းထောက် တိုရူကူဘိုတာ အပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

အာဏာသိမ်းအပြီး တလအကြာမှာပဲ မြန်မာစစ်တပ်က စစ်ခုံရုံးတွေဖွင့်လှစ်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ လူပေါင်း ၁၃၀ ကျော်ကို သေဒဏ်ချမှတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကနေ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာတော့ သြဇာကြီးမားတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ဦးကို မြန်မာစစ်တပ်က သေဒဏ်စီရင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလူနည်းစု အမျိုးသမီးတွေအပေါ် စစ်ပွဲလက်နက်တခုအနေနဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ ရှိသလို ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာအပေါ် အခြေခံတဲ့ အကြမ်းဖက်မှု ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့တယ်ဆိုပြီး နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် လူပေါင်း ၁ ဒသမ ၁ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ပြေးဒုက္ခသည်ပေါင်း ၁ သန်းခွဲအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဒီလို အာဏာသိမ်းမှုကတဆင့် ဒါကိုလက်မခံတဲ့ အရပ်ဘက်ကဏ္ဍမှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ တရားမဝင် အင်အားအလွန်အကျွံသုံးစွဲမှုတွေက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ကျောသားရင်သားမခွဲခြားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် ကျေးရွာတွေကို မီးတင်ရှို့ဖျက်ဆီးတာတွေ၊ တရားလက်လွန် သတ်ဖြတ်တာတွေ၊ အဓမ္မပြန်ပေးဆွဲ ဖမ်းဆီးတာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေ၊ မုဒိမ်းပြုကျင့်တာတွေနဲ့ တခြားစော်ကားမှု ပုံစံမျိုးစုံဟာ ၂၀၂၂ ခုနှစ်အတွင်း ပိုမိုများပြားလာခဲ့ပါတယ်။

မြန်မာ၊ တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေဟာ လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ကမ္ဘာမှာ အဆိုးတကာ့ အဆိုးဆုံးနိုင်ငံတွေဖြစ်တယ်လို့  အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013