DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းစီးပွားရေး ပုံမှန် ပြန်လည်ပတ်နေပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ရငွေပိုလာနိုင်ဟု ဒုစစ်ခေါင်းဆောင်ပြော
DVB
·
March 10, 2023
မြန်မာပြည်တွင်းစီးပွားရေး ပုံမှန် ပြန်လည်ပတ်နေပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ရငွေပိုလာနိုင်ဟု  ဒုစစ်ခေါင်းဆောင်ပြော
Donate to DVB

မြန်မာပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်နေပြီဖြစ်တာကြောင့် လာမယ့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် ရငွေ(ဝင်ငွေ) ပိုမို ရရှိမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း စစ်ကောင်စီ ဒုတိယခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်း ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နေပြည်တော်မှာ မတ်လ ၉ ရက်က ပြုလုပ်ခဲ့တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရဲ့အရအသုံး ခန့်မှန်းခြေ ငွေစာရင်း အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ နှစ်နှစ်တာလုံးမှာ ချိနဲ့ခဲ့ရပြီး အခုအချိန်ထိ နလန် ပြန်မထူ နိုင်သေးတာကြောင့် လာမယ့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ရငွေ(ဝင်ငွေ) ပိုမို ရရှိမယ်လို့ ခန့်မှန်းထားတဲ့ စစ်ကောင်စီရဲ့မျှော်မှန်းထားချက်က ပြည်တွင်းလုပ်ငန်းရှင်တွေအပေါ် ပိုမိုကြပ်ဖို့ ပြင်ဆင်လာတဲ့ အခြေအနေသာ ဖြစ်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သုတေသီတွေက သုံးသပ်ထားပါတယ်။

ပို့ကုန်၊သွင်းကုန်ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက “ပြီးခဲ့တဲ့ ၂နှစ်စလုံးမှာ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေ အကုန်နီးပါးပဲ အမြတ် မရရင်နေ အရင်း ပြန်ရအောင်နဲ့ အရှုံးနည်းအောင် မနည်း ကြိုးစားခဲ့ရတာ။ အခုအချိန်ထိ လုပ်ငန်းတွေ အကုန်လုံးက နလန် ပြန်မထူသေးပါဘူး။ မပိတ်ရုံသာ ရှိပါတယ်။ ဒါကို ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ ပြဿနာကို မရှာပဲ နဲ့ ဟိုဟာမလုပ်နဲ့ ဒီဟာ မလုပ်နဲ့ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ လိုက်လုပ်နေတာက အဖြေ မဟုတ်ဘူးလေ။ အဲ့တော့ အခြေအနေမှန်ကို လက်မခံပဲ အတင်းအကျပ် လျှောက်လုပ်နေတာက ပိုဆိုးတာပဲ ရှိတာပေါ့။ အခုလည်း နယ်စပ်ကုန်သွယ်ရေးလုပ်နေတဲ့ ပို့ကုန်သမားတွေ သွင်းကုန်သမားတွေ အကုန်အဆင်မပြေဘူး။ အဲ့ဒါကို စီးပွားရေး လုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်နေပြီဆိုတော့ ဘာတွေ မဟုတ်တာ ထပ်လုပ်မလို့လဲ မသိဘူး”လို့ ဒီဗွီဘီ ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင်ကတော့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် အသုံးစရိတ် နဲ့ ပတ်သက်ပြီး ရရှိလာမယ့် ရငွေ အပေါ် မူတည်ကာ ဘတ်ဂျက်လိုငွေ အခြေအနေကို သင့်တင်စွာ ထိန်းသိမ်းဖို့နဲ့ သုံးသင့် သုံးထိုက်တဲ့ အသုံးစရိတ်တွေနဲ့ မသုံးသင့် မသုံးထိုက်တဲ့ အသုံးစရိတ် တွေကို စိစစ်သွားမယ်လို့ ဆိုပါတယ်။

ဒီ့ပြင် နိုင်ငံခြားငွေ သုံးစွဲမှု လျှော့နည်းစေရေး စက်သုံးဆီ သုံးစွဲမှုနဲ့ပတ်သက်ပြီး စိစိ စစ်စစ် ခွင့်ပြုပေးသွားမယ့်အပြင် ရုံသုံးပစ္စည်း ဝယ်ယူတာမှာလည်း ဇိမ်ခံ Luxury ပစ္စည်းတွေ ဝယ်ယူ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဘတ်ဂျက်ရေးရာလေ့လာသူတဦးက “ဒါက ဘတ်ဂျက်အစည်းအဝေးမှာ သူ ပြောသွားတာပေါ့။ အဲ့တော့ ကျနော်တို့ မြင်တာကတော့ သူတို့ အခွန်နှုန်းထားတွေကို မြှင့်မယ့် သဘောရှိတယ်။ ဘာလို့လဲဆိုတော့ ဘတ်ဂျက်အတွက် အသုံးစရိတ်တွေ သုံးဖို့က ရငွေ ဖြစ်တဲ့ ဝင်ငွေတွေရှိဖို့ လိုတယ်လေ။ အဲ့တော့ ဝင်ငွေရဖို့အတွက် အခွန်နှုန်းတွေကို မြှင့်မယ်လို့ ယူဆရတယ်။ နောက်တချက်က နိုင်ငံခြားငွေ သုံးစွဲမှုကဏ္ဍပေါ့။ အဲ့ဒီ့ကဏ္ဍကိုလည်း သူတို့ လျှော့လိမ့်မယ်လို့ ထင်တယ်။ ဘယ်လို လျှော့မလဲဆိုရင် သွင်းကုန်လိုင်စင် ချပေးတာတွေကို လျှော့ချတာရယ် နောက်တခါ စက်သုံးဆီ တင်သွင်းမှုကိုလဲ လျှော့ချဖို့ ကြိုးစားလိမ့်မယ်။ နောက်ဆုံးတချက်ကတော့ ငွေလုံးငွေရင်း အသုံးစရိတ်ပါ။ ဒါက စစ်ကောင်စီအနေနဲ့ သူတို့ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေမှာ သုံးမယ့် ဘတ်ဂျက်ကို စိစစ်မယ့် သဘောပေါ့။ ဥပမာ မနှစ်က သိန်း ၁၀၀ သုံးရင် ဒီနှစ် သိန်း ၅၀ ပဲ သုံးရင်သုံးမယ်ပေါ့။ သဘောကိုပြောတာနော်။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်တဲ့ အချက်က ဘတ်ဂျက် ဖြည့်ဖို့ ပိုက်ဆံ ရိုက်ထုတ်ပြီး သုံးမှာကိုပဲ။ အဲ့ဒါဆို နဂိုကတည်းက မြင့်နေတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းက ထပ်မြင့်လာပြီး ငွေကြေးဖောင်းပွမှုနှုန်းတွေ ပိုကြီးလာမယ်။ နောက်ဆက်တွဲက မြန်မာငွေတန်ဖိုး ထပ်ကျလာပြီး စီးပွားရေး အပေါ်သက်ရောက်မှုတွေ ပိုဆိုးလာလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်စာရင်းမှာ ပြည်ထောင်စုရဲ့ စုစုပေါင်း ရငွေ ကျပ်၂၃,၄၃၄ ဘီလီယံ ရှိပြီး ပြည်ထောင်စု၏ စုစုပေါင်း သုံးငွေ ကျပ် ၃၀,၈၃၃ ဘီလီယံ ရှိတာကြောင့် ပြည်ထောင်စု၏ စုစုပေါင်း လိုငွေ က ကျပ် ၇,၃၉၉ ဘီလီယံ ရှိပါတယ်။ ဒါကြောင့် ဒီပမာဏဟာ ဂျီဒီပီ ရဲ့ ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။ 

၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)ကတော့ ကျပ် ၁၂၃,၉၃၃ ဘီလီယံ ရှိတယ်လို့ အရအသုံးခန့်မှန်းခြေဘတ်ဂျက်စာရင်းမှာ ဖော်ပြထားပါတယ်။

PHOTO-CINCDS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013