DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် စစ်တပ်က ကျေးရွာနေအိမ် ၅ လုံးကို မီးရှို့၊ ပုလောဒေသခံ ၂ ဦး တိုက်မိုင်းထိပြီး သေဆုံး၊ တနင်္သာရီတွင် တိုက်ပွဲဖြစ်
DVB
·
March 10, 2023
လောင်းလုံးတွင် စစ်တပ်က ကျေးရွာနေအိမ် ၅ လုံးကို မီးရှို့၊ ပုလောဒေသခံ ၂ ဦး တိုက်မိုင်းထိပြီး သေဆုံး၊ တနင်္သာရီတွင် တိုက်ပွဲဖြစ်
1 / 4
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာထဲကို ဒီနေ့ မတ်လ ၁၀ ရက် မနက် ၆ နာရီလောက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ခတ် ဝင်ရောက်လာကာ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ပညစ်ရွာခံတွေက ပြောပါတယ်။

ပညစ်ရွာခံတဦးက “စစ်သားတွေက ဘယ်လမ်းကနေ ဝင်လာမှန်းတောင်မသိဘူး၊ သေနတ်ပစ်မှ ကျနော်တို့သိရတာ။ ရွာခံတွေလည်း အကုန်ထွက်ပြေးသွားတာ ပြန်မလာရဲကြသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေအိမ်တွေကို မီးရှို့ပြီးနောက် မနက် ၉ နာရီလောက်မှာတော့ သေနတ်ပစ်ခတ်ကာ ပြန်လည်ထွက်ခွာသွားကြပြီး ဘယ်လမ်းကနေ ထွက်သွားလဲဆိုတာကို မသိရသလို အင်အားဘယ်လောက်ရှိတယ် ဆိုတာကိုလည်း မသိရဘူးလို့ သူကပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ပညစ်ကျေးရွာဟာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ရုံးစိုက်ရာ လောင်းလုံးမြို့ရဲ့ အနောက်ဘက် ၄ မိုင်ခန့်အကွာမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ကပ်လျက်တည်ရှိပြီး စစ်အာဏာမသိမ်းခင်ကတော့ ဒေသတွင်းခရီးသွားတွေအပြင် နိုင်ငံခြားသား ခရီးသွားတွေပါ လာရောက်လည်ပတ်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက် မနက်ပိုင်းကလည်း ပညစ်ကျေးရွာနဲ့ ၄ မိုင်ခန့်ဝေးတဲ့ ကရင်ကြီးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပျူစောထီး၊ စစ်ကောင်စီ ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကရင်ကြီးရွာနဲ့ အနီးအနားရွာတွေဖြစ်တဲ့ ကမ်းပနီကျေးရွာ၊ သဘော့ဆိပ်ကျေးရွာတွေထဲကို ပင်လယ်ပြင်မှာရှိနေတဲ့ စစ်ကောင်စီရေတပ်သ​င်္ဘောကရော ထားဝယ်မြို့နဲ့ ၄ မိုင်လောက်သာဝေးတဲ့ တောင်ကြောပေါ်ကနေပါ အမြောက်တွေနဲ့ နှစ်ဖက်ညှပ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ မတ်လ ၈ ရက် ညမှာ ရွာထဲကနေ ပြန်ထွက်သွားကြပြီး အဲဒီနောက် မတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ ကရင်ကြီးကျေးရွာက ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဆိုသူတွေရဲ့ နေအိမ် ၃ လုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဘော့ဆိပ်ရွာခံတဦးက ပညစ်ကျေးရွာထဲကို ဝင်ရောက်မီးရှို့သွားတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ကရင်ကြီးရွာဘက်ကနေ ထွက်ခွာသွားတဲ့ တပ်ဖွဲ့ဝင်တွေထဲက တချို့ဖြစ်နိုင်ပြီး အတိအကျတော့ မသိရဘူးလို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ မတ်လ ၄ ရက်ကနေ ၁၀ ရက်အထိ တပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက နေအိမ် ၁၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသား ၅ ဦးကိုလည်း ဖမ်းဆီးပစ်သတ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာမှာလည်း မတ်လ ၈ ရက်က တိုက်မိုင်းထိပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဒေသခံတွေဟာ ပဝတ်ဖျားရွာသားတွေဖြစ်ပြီး ကျောင်းနိမ့်ရွာမှာ ငါးလာဖမ်းရင်း အခုလိုဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။

“ကျ‌နော်တို့က တားမြစ်နယ်မြေတွေ လုပ်ထားကြတာပါ။ ဒေသခံပြည်သူတွေက အဲ့ထဲကို ဝင်သွားကြတာ။ အဲဒီမိုင်းလမ်း အန္တရာယ်ရှိတယ်လို့ ပြောထားရင် လုံးဝမသွားဘဲ ဆင်ခြင်နေပေးပါ” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပဝတ်ဖျားရွာသားတဦးက “PDF တွေက မိုင်းဆင်ထားကြတာ။ မသွားနဲ့လို့ တားထားတဲ့ကြားက သွားတော့ ဖြစ်သွားတာပဲ” လို့ ပြောပါတယ်။

မိုင်းထိပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးမှာ တဦးကို ပုလောဆေးရုံတင်ထားရပြီး တဦးကတော့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီ မတ်လ ၈ ရက်နေ့မှာပဲ ပုလောကုန်းကျေးရွာမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားတာတွေလည်း ရှိပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ခမရ ၅၆၁ တပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၇ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံး၊ ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  မြိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း-၂၊ မြိတ် ပ.က.ဖ နဲ့ တနင်္သာရီမြို့နယ် တပ်ပေါင်းစုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ စစ်ဒေသခွဲ အမှတ် ၃၊ သတင်းနှင့် ပြန်ကြားရေးကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013