DVB Logo
Home
Lead Story
အာဏာရှင်သစ္စာခံ စစ်ရဲဒလန်ပျူဆိုး မီးကိုတိုးတဲ့ပလူမျိုး
DVB
·
March 10, 2023
အာဏာရှင်သစ္စာခံ စစ်ရဲဒလန်ပျူဆိုး မီးကိုတိုးတဲ့ပလူမျိုး
Donate to DVB

ဒီကနေ့ နိုင်ငံနဲ့လူမျိုးကို အရက်စက်ဆုံးနည်းလမ်းတွေနဲ့ဖျက်ဆီးသတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေအသက်ဆက်နိုင်ဖို့ ဝိုင်းရံထောက်ကူနေကြတဲ့သစ္စာခံလက်ပါးစေတွေကတော့ အားလုံးသိကြတဲ့အတိုင်း ကျင့်ဝတ်မရှိ ဆင်ခြင်တုံတရားမဲ့၊ သီလပျက်စစ်သား၊ ရဲသား၊ စသုံးလုံး၊ ထွေအုပ်၊ ရာအိမ်မှူး၊ လဝက၊ နိုင်ငံသစ္စာဖောက်ဝန်ထမ်းတွေ၊ ကြံ့ဖွံ့၊ မဘသ၊ လက်ဝေခံလုပ်စားပါတီ စတဲ့ အာဏာရှင်စနစ်လိုလားတဲ့ အသိုင်းအဝိုင်းတွေဖြစ်ကြပါတယ်။

အထက်မှာရေးပြခဲ့သူတွေအားလုံးကို "အာဏာရှင်သစ္စာခံ ဒလန်ပျူဆိုး မီးကိုတိုးတဲ့ ပလူမျိုး" လို့ပဲသတ်မှတ်ရမှာပါ။ ဘာကြောင့်လို့လဲဆိုတော့ လက်ရှိကျနော်တို့ တိုင်းပြည်မှာ အသက်ငင်နေတဲ့ ကျားနာတစ်ကောင်နဲ့တူတဲ့ စစ်အာဏာရှင်ဟာ မြန်မာနိုင်ငံမှာ ဆက်ရှင်သန်လို့မရတော့မယ့် နောက်ဆုံးအာဏာရှင်မျိုးဆက်ဖြစ်တယ်ဆိုတာ အသိဉာဏ်ရှိသူတိုင်းမြင်သာပါတယ်။ 

လမ်းဆုံးကိုရောက်နေတဲ့ ပြည်သူကလက်မခံတော့တဲ့ လက်နက်ကိုင်ဓားပြတပ်ကို ဝိုင်းရံထောက်ကူနေကြတဲ့ သစ္စာခံတဲ့သူဆိုတာ မိမိကိုယ်မိမိလောင်ကျွမ်းဘဝဆုံးအောင် မီးကိုတိုးတဲ့ ဖလံပလူမျိုးပဲလို့ တိတိကျကျဆိုနိုင်ပါတယ်။ ပလူတွေဟာ မီးကိုတိုးရင်းတိုးရင် လောင်မြိုက် ဘဝဆုံးရသလို အာဏာရှင်သစ္စာခံ ဒလန်ပျူဆိုးတွေဟာ အာဏာရှင်အဆိပ်ပင်ပြိုလဲတာနဲ့ အတူတကွ နိဂုံးသပ်ကြရမှာဖြစ်ပါတယ်။

အရင်စစ်အာဏာရှင်ဟောင်းနေဝင်းနဲ့ သန်းရွေတို့လက်ထက်ကနေ အခုနောက်ဆုံး သမ္မတရူးမင်းအောင်လှိုင်အထိ သူတို့အာဏာတည်မြဲဖို့အသုံးချခဲ့ကြတဲ့ သံဒုတ်ကိုင်စွမ်းအားရှင်တွေ၊ လက်ပတ်နီ ရာဇဝင်လူဆိုးတွေ၊ ပြည်သူကိုထမင်းဝဝစားထားလို့ ခြိမ်းခြောက်ခဲ့ကြတဲ့ မျိူးညစ်မဘသ‌တွေ၊ သေနတ်ကိုင်လူမိုက်ပျူစောထီးတွေ၊ ဝါးချွန်ကိုင်ဒလန်သတင်းပေးတွေဆိုတာ ဘယ်လိုပဲအမည်ကွဲကွဲ တခဏတာအကျိုးစီးပွားနဲ့ အသိဉာဏ်တုံးနေတဲ့ ကြေးစားလူဆိုးလူမိုက် ဂျပိုးသူခိုးများသာဖြစ်ကြပါတယ်။

" ၅၀၀၀ စားမှသည် အသက်တစ်ချောင်း ငွေတစ်သောင်း" 

အထက်မှာရေးပြခဲ့တဲ့ လူဆိုးလူမိုက်တွေကို စစ်အာဏာရှင်တွေဟာ NLD ပြည်သူ့ပါတီကို ဆန့်ကျင်ဆန္ဒပြတဲ့ပွဲမှာ၊ အမျိုးဘာသာသာသနာအရေခြုံ လူမျိုးရေးဘာသာရေးမှိုင်းတိုက်တဲ့ပွဲတွေ၊ ပြည်သူမပါတဲ့ တပ်ထောက်ခံပွဲတွေ၊ အမေရိကန်သံရုံးရှေ့ဆန္ဒပြတာ၊ အာဏာလုအကြမ်း ဖက်စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ သင်္ကြန်ပွဲနဲ့ ပြည်သူတွေ သွားရောက် ရေကစားပျော်ပါးကြတာမရှိဘဲ လူစည်ကားသယောင်ဖြစ်အောင် မဏ္ဍပ်တွေမှာ အခကြေးငွေ ကျပ် ၅,၀၀၀ ပေး ခေါ်ယူကြတာမို့ အဲ့ဒီစစ်ကျွန်လက်ကိုင်တုတ်တွေကို ၅၀၀၀ စားလို့ အခေါ်ခံကြရပါတယ်။

တခါတရံ ခေါ်ယူတုန်းက ပေးမယ်ပြောတဲ့အခကြေးငွေကို ပွဲပြီးတဲ့အခါ လျော့ရလို့ ဝေစုမတည့်ဘဲ ရန်တွေဖြစ်ကြ၊ ဆဲကြဆိုကြ၊ အထုပ်ဖြေချတဲ့သတင်းတွေဆိုတာ အင်တာနက်သတင်းတွေပေါ် လူမှု့ကွန်ယက်တွေပေါ်မှာ ပုပ်လို့ပေါ်၊ ဟုတ်လို့ကျော်ခဲ့ရတာလည်း ခဏခဏပါဘဲ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်ကစပြီး ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဟောင်း အငြိမ်းစားဝန်ထမ်းတွေကိုအခကြေးငွေ တစ်ရက်ကျပ်ငွေ တသောင်းနဲ့အကြမ်းဖက်စစ်ကောင်စီက ငှါးရမ်းလို့ မြို့ထဲမှာလုံခြုံရေးကင်းစောင့်ခိုင်းတာတွေရှိနေတယ်လို့ဒေသခံတွေကပြောတဲ့သတင်းကို အင်တာနက်သတင်းတွေထဲမှာ ဖတ်လိုက်ရပါတယ်။

တကယ်တော့ ပြည်သူနဲ့စစ်ဖြစ်နေတဲ့အချိန်၊ စစ်မှုထမ်း၊ ရဲဝန်ထမ်း၊ ထွေအုပ်တွေ လက်ဖက်ရည်ဆိုင်ထိုင် ကွမ်းယာဝယ်၊ ဈေးဝယ်တာတောင် မလုံခြုံ‌တော့တဲ့အခြေအနေမျိုးမှာ အခုလိုကင်းစောင့်ခိုင်းတာဟာ ငွေတစ်သောင်းပေးပြီး အသေခံခိုင်းတာနဲ့အတူတူပါဘဲ။ ဒါကြောင့် လူဆိုးလူမိုက်တွေရဲ့အသက်တစ်ချောင်းဟာ ငွေတစ်သောင်းသာတန်တယ်လို့ ပြည်သူတွေကြားမှာ ပြောဆိုနေကြပါပြီ။

ပိုဆိုးတာကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ မြို့နယ်လုံးကျွတ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားသုံးရာကို လက်နက်တပ်ဆင်ပေးအပ်ပွဲလို့ ပြောပြီး ဒုဗိုလ်ချုပ်ကြီးဟောင်းမြင့်လှိုင်က ကြံခိုင်ရေးပါတီဝင်တွေကိုခေါ်ပြီး ဝါးလုံးချွန်တွေပေးခဲ့တဲ့သတင်းကိုလည်း ဒီဗွီဘီသတင်းမှာ ဖတ်လိုက်ရပါတယ်။ 

စစ်တပ်နဲ့ရဲတပ်ဖွဲ့ ဘက်ကိုကြည့်လိုက်ရင် ပြည်သူနဲ့စစ်ခင်းနေရတာမို့ အဖက်ဖက်မှာ အရေးနိမ့်နေပြီး တပ်ဖွဲ့ဝင်အင်အားအဆမတန်ပြုန်းတီးယုံမက စိတ်ဓါတ်ယိမ်းယိုင်ပြိုဆင်းလာတဲ့ စစ်ဓားပြတပ်ဟာ CDM ဗိုလ်ကြီးအောင်မျိုးထက်ရေးသလို ဓားပြခေါင်းဆောင် မအလကိုယ်တိုင်ကလည်း အာဏာရူးနေလေတော့ အရည်အချင်းထက် အရည်အတွက်သာရှိတဲ့ ဖက်ဆစ်စစ်တပ်ဟာ တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်း‌ကျော်လာရင်း စစ်တပ်လဲပြို တပ်ချုပ်လဲငိုလို့ အဆုံးသတ်ရတော့မယ့်  အခြေအနေဆိုက်ရောက်လာနေပြီဖြစ်ပါတယ်။ 

တဖက်မှာ စစ်တပ်ထောက်တိုင်ဒလန်သတင်းပေးတွေရဲ့အ‌ခြေအနေကလည်းဟာလည်း ပြည်သူတွေကြားမှာ လုံးဝမလုံခြုံတော့ပါဘူး။ ပြည်သူကာကွယ်ရေးတပ်တွေရဲ့လှုပ်ရှားမှုကို စစ်ကောင်စီထံ သတင်းပို့ပေးတာ၊  ဒေသခံပြည်သူတွေထံက ပစ္စည်းဥစ္စာကို အတင်းအဓမ္မလုယူတာ၊ ဆက်ကြေးကောက်တာ၊ ပြည်သူကို ကိုယ်ထိလက်ရောက် ညှဉ်းပမ်းနှိပ်စက်ကျူးလွန်တာ၊ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် သန်းခေါင်စာရင်းကောက်ယူပေးတာ စတဲ့မကောင်းမှုတွေ ပြုလုပ်နေကြတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ PDF ပကဖ တွေရဲ့ရှင်းလင်းသုတ်သင်တာကိုခံလာကြရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၁ ရက်မှာ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ လက်ပံခုံကျေးရွာရှိ ကြံ့ခိုင်ရေးပါတီဝင် သန့်စင်ဦးရှင်းလင်းခံခဲ့ရသလို ဖေဖော်ဝါရီလ ၁၂ ရက်မှာ အထက်မင်းလှမြို့နယ်၊ ပနီဆုံကျေးရွာက စစ်ကောင်စီသတင်းပေး ရဲကျော်ဟာ သုတ်သင်ရှင်းလင်းတာခံခဲ့ရပါတယ်။ 

ဖေဖော်ဝါရီ ၁၉ ရက်မှာ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့က ပျူစောထီးခေါင်းဆောင် နိုင်ချောင်း (ခ) ကိုးချောင်းဆိုသူဟာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာဘဲ PDF တွေကို ဖမ်းဆီးရာမှာ ပါဝင်ပြီး စစ်တပ်သတင်းပေးလုပ်ဆောင်နေတဲ့ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က လူမိုက်ပျူစောထီး မဘသ လက်နက်ကိုင်နေမျိုးအောင်ဟာ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပြန်ပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရင် အာဏာရှင်သစ္စာခံ လက်ပါးစေ စစ်ဗိုလ်၊ စစ်သား၊ ရဲသား၊ ထွေအုပ်၊ စွမ်းအားရှင်၊ ကြံ့ဖွံ့၊ လက်ပတ်နီ၊ မဘသ၊ ပျူ၊ ဒလန်၊ စစ်တပ်သတင်းပေး၊ ထောက်လှမ်း‌ရေး၊ စသုံးလုံး၊ အကျဉ်းထောင်ဝန်ထမ်း၊ အာဏာပါးကွက်သား ဒေါက်တိုင်တွေဆိုတာ ဆောင်းအကုန် နွေဦး‌ဝင်လာရင် လူနေအိမ်အတွင်း၊ အပြင်၊ ခြံပတ်ဝန်းကျင်မှာရှိတဲ့ မီးချောင်း၊ မီးဆိုင်းတွေဆီ ညဆို ရောက်ရောက်လာတတ်ကြတဲ့ ပိုးဖလံ " ပလူကောင် " တွေနဲ့တူလှပါတယ်။

ပိုးဖလံတွေ ပလူကောင်တွေဟာ မီးကိုတိုးရင်း အပူဟပ်လောင်ကျွမ်းခံရပြီး အသက်ဆုံးရှုံးရသလို စစ်ရဲဒလန်၊ ကြံ့ဖွံ့၊ မဘသ၊ ပျူဆိုး သူခိုးဂျပိုးတွေဟာလည်း မီးကိုတိုးတဲ့ ပလူမျိုးမို့ ခွင့်မလွှတ်ထိုက်တဲ့ သူတို့ပြုတဲ့ ကျုးလွန်ကြတဲ့ ရာဇဝတ်မှုတွေ အကုသိုလ်ကံဆိုးရဲ့ အကျိုးဆက် အပူမီးတောက်ကြီး လောင်မြိုက်တာခံရပြီး ရုပ်ဆိုးအကျည်းတန်စွာ ဘဝအဆုံးသတ် ကြရမှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013