DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့်ပခုက္ကူတွင် စစ်ကောင်စီ ကင်းစခန်းအချို့ တိုက်ခိုက်ခံရ၊ စစ်တပ် လက်နက်ကြီးကြောင့် ပေါက်ပြည်သူ ၂ ဦး သေဆုံး
DVB
·
March 10, 2023
မြိုင်နှင့်ပခုက္ကူတွင် စစ်ကောင်စီ ကင်းစခန်းအချို့ တိုက်ခိုက်ခံရ၊ စစ်တပ် လက်နက်ကြီးကြောင့် ပေါက်ပြည်သူ ၂ ဦး သေဆုံး
1 / 3
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ မတ် ၉ ရက်နေ့ ညနေက စစ်ကောင်စီ ကင်းစခန်း တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုတော်လှန်ရေးတပ်ဖွဲ့-YRG ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို မတ် ၉ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ၊ ၈၀မမ၊ ၁၂၀ မမ တွေနဲ့ အလုံး ၅၀ လောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ YRG ရဲ့ဖောက်ခွဲရေးတာဝန်ခံ ဗိုလ် Zero က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကလည်း ၆၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို စက်ကလေးတွေ၊ လက်နက်ငယ်တွေနဲ့ မိနစ် ၂၀ လောက် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ဟာ ဘယ်ညာနှစ်ဖက်ညှပ် ပစ်ခတ်ပြီးတက်လာလို့ ကျနော်တို့ဘက်က ကင်းပုန်းဝပ်ပြီး စနိုက်ပါတွေ၊ အော်တို မောင်းပြန်သေနတ်တွေ နဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် ပွဲချင်းပြီးသေဆုံးကာ ည ၁၂ နာရီလောက်မှာ ၁ ယောက်ထပ်မံသေဆုံးခဲ့တယ်” လို့ ဗိုလ် Zero က ပြောပါတယ်။

ဒါ့အပြင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် စစ်ကောင်စီဘက်က ၄ ယောက်ဒဏ်ရာရရှိကာ အဲဒီထဲက ၃ ယောက် ဒဏ်ရာပြင်းထန်ရရှိပြီး ပခုက္ကူဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို S YSO PDF၊ ဒေါင်းစစ်သည်၊ ဒေါင်းသွေးနီ၊ ဒေါင်းညီနောင် တပ်ဖွဲ့၊ ရွှေညာမြေ PDF၊ King Cobra၊ ညီနောင်သုံးဖော် PDF၊ RDF၊ PKU Ranger၊ Royal PKU Underground တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူလို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးတဲ့အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို ဒီဗွီဘီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

မကွေးတိုင်း မြိုင်မြို့နယ် Well 2 ရေနံမြေစစ်ကောင်စီစခန်းကို မတ် ၉ ရက် မနက် ၆ နာရီ ကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း အမှတ်၁၃ PPDF က သိရပါတယ်။

မနက် ၆ နာရီကစတင်ပြီး Wel l2 ရေနံမြေတပ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်တယ်လို့ Pakokku Peoples Defense Force တာဝန်ရှိသူ ကိုအတီးက ပြောပါတယ်။

"ကျနော်တို့ မဟာမိတ် ၃၇ ဖွဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ ရန်သူ့တပ်စခန်းကို မီးရှို့ပြီးတဲ့အချိန်မှာ သူတို့ဘက်က Mi 35 လေယာဥ်နဲ့လာပစ်တာကြောင့် ဆုတ်ခဲ့ရတယ်။ လက်နက်ခဲယမ်းတွေ ကုန်ဆုံးမှုရှိပေမယ့် စခန်းကို မီးရှို့နိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှု အတိအကျကိုတော့ မသိရသေးဘူး" လို့ ကိုအတီးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း ​ပြည်သူ့ကာကွယ်ရေးတပ်မတော် (ယင်းမာပင်ခရိုင်) တပ်ရင်းအမှတ် ၁၁၊ တပ်ခွဲ ၃ က ဒုတပ်စိတ်မှူး ရဲဘော်ဇာနည် ကျဆုံးခဲ့ပြီး ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။

Well 2 ရေနံမြေစခန်းတိုက်ခိုက်ခံရပြီးနောက်  စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်က ပေါက်မြို့နယ်မြောက်ပိုင်း ထန်းပေါက်ကုန်းရွာအနီးထိ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ကိုအတီးက ပြောပါတယ်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင် မျိုးဝင်းရဲ့ နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မတ် ၉ ရက်နေ့မနက် ၂ နာရီဝန်းကျင်က ၄၀ မမ လက်လုပ်လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ်အတွင်းကို လက်နက်ကြီးငါးလုံး  ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Pakokku People Defense Force က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်မှာ မတ် ၉ ရက်နေ့ မနက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၂ ယောက်သေဆုံး၊ PDF ရဲဘော် ၁ ယောက်အပါအဝင် ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်-PDFတပ်ရင်း (၄) ကနေ သိရပါတယ်။

ပေါက်မြို့နယ် ညောင်ဝန်း(မြောက်စု)၊(တောင်စု)၊ရွာသာအေးနဲ့ ဝက်မှီးကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီနေ့ မနက် ၇ နာရီလောက်ကနေစပြီး ပေါက်-PDF တပ်ရင်း ၄ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ မြောက်စုရွာက နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ကျည်ဖူး ၂ ခုနဲ့ ကျည်ခွံတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်-PDF တပ်ရင်း(၄)ရဲ့ တာဝန်ခံ ဗိုလ်ငသွေးက ဒီဗွီဘီကိုပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၈ ရွာလောက်က ဒေသခံပြည်သူ ၅၀၀၀ ကျော်လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးကို နီးစပ်ရာကျေးရွာတွေအတူ ကူညီ ကျွေးမွေးနေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပျဥ်းချောင်းရွာဘက်ကနေ ပခုက္ကူမြို့နယ် သာကြီးတောင်ဘက်ကို ဦးတည်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပေးပြီးနောက် ရွာသားအများစုကတော့ ရွာထဲပြန်ဝင်နေကြပြီလို့ ဗိုလ်ငသွေးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပေါက် -PDF တပ်ရင်း (၄) ရဲ့ ကင်းတဲတွေ နဲ့ ဆိုင်ကယ် ၇ စီး မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ကွန်စကားပြောစက် ၁ လုံးနဲ့ ကျည်ဆန်တချို့ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013