DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်အရေး အပါအဝင် ကဏ္ဍစုံအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော် ကနေဒါ ထောက်ပံ့မည်
DVB
·
March 9, 2023
ရိုဟင်ဂျာဒုက္ခသည်အရေး အပါအဝင် ကဏ္ဍစုံအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော် ကနေဒါ ထောက်ပံ့မည်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် တခြားကဏ္ဍတွေအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော်ကို ကနေဒါနိုင်ငံက ထောက်ပံ့ကူညီသွားမယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဟာဂျစ် ဆာဂျန်က ပြောလိုက်ပါတယ်။

ဝန်ကြီး ဟာဂျစ် ဆာဂျန်ဟာ ကနေဒါနိုင်ငံရဲ့ ပစိဖိတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီရဲ့ တာဝန်ရှိသူတယောက်လည်းဖြစ်ကာ ဝန်ကြီးအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၅ ရက်အတွင်း ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကာတာနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ ခုလို အတည်ပြုလိုက်တာပါ။

ဒီခရီးစဉ်အတွင်းမှာတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ အရေးကိစ္စတွေ၊ စားနပ်ရိက္ခာဖူလုံရေး၊ အစိမ်းရောင်ဝန်းကျင်နဲ့ အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးစွမ်းဆောင်နိုင်မှု၊ ကျန်းမာရေးနဲ့ ကျားမတန်းတူညီမျှမှုတိုးတက်ရေး စတာတွေကိုလည်း အဓိကထား ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ကာတာနိုင်ငံ ဒိုဟာမှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ (LDC5) ကိုလည်း တက်ရောက်ခဲ့ပြီး ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် အားလုံးပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးပါမှုကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကနေဒါနိုင်ငံက ထောက်ပံ့ကူညီမယ့် ရန်ပုံငွေတွေထဲက ဒေါ်လာ ၉၈ ဒသမ ၆ သန်းကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ လူ့အခွင့်အရေး၊ ရာသီဥတုဒဏ်ခံနိုင်မှု၊ လေ့ကျင့်ရေးနဲ့ အလုပ်အကိုင်၊ လူငယ်တွေအတွက် ပညာရေးလက်လှမ်းမီမှုအပြင် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးဝေနိုင်မှု တိုးတက်စေမယ့် အစီအစဉ်တွေမှာ ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ဒေါ်လာ ၅၉ သန်းကိုတော့ ကလေးသူငယ် သေဆုံးမှုကို လျှော့ချနိုင်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်နိုင်ရေးအတွက် အာဟာရနဲ့ ရေရှည်တည်တံ့နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်တွေမှာ ပံ့ပိုးပေးသွားမယ်လို့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ (LDC5) မှာ ကြေညာလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ တွေ့ဆုံမှုမှာတော့ အင်ဒို-ပစိဖိတ်ဒေသတွင်း ကနေဒါနိုင်ငံရဲ့ ကတိကဝတ်နဲ့ နှစ်နိုင်ငံကြား ရေရှည်အောင်မြင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဘက်ဆက်ဆံရေးအတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးမှုတွေထဲမှာတော့ ယူကရိန်းကို ရုရှားကျူးကျော်မှုအပေါ် ကနေဒါနိုင်ငံက တုံ့ပြန်တဲ့ အခြေအနေတွေ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းနဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ခိုလှုံရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်နိုင်ငံကလည်း ဒေါ်လာ ၂၆ သန်းနီးပါး ထပ်မံပံ့ပိုးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ပြီးခဲ့တဲ့ မတ် ၇ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒီထောက်ပံ့မှုကိုတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ် အပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ နိုင်ငံတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်က ဘာလုခါလီ ဒုက္ခသည်စခန်း မီးလောင်မှုမှာ အိမ်ခြေ ၂,၀၀၀ ကျော် မီးထဲပါသွားခဲ့ပြီး သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မီးဘေးဒုက္ခသည်တွေအတွက် လတ်တလောမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရတဲ့ ရိုဟင်ဂျာအိမ်ထောင်စုတွေအတွက် အနက်ရှိုင်းဆုံးစာနာမှု စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြအပ်ကြောင်း၊ UNHCR၊ နိုင်ငံတကာမိတ်ဘက်တွေ၊ ဒေသခံ ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့အတူ ထိခိုက်ခံစားခဲ့ရတဲ့ အိမ်ထောင်စုတွေအတွက် အကူအညီပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ မတ် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ခြေ ၇,၀၀၀ ကျော်နဲ့ လူဦးရေ ၃၀,၀၀၀ ကျော်ရှိပြီး မီးလောင်တဲ့နေရာက ဘာလုခါလီ အမှတ် ၂ စခန်း ၁၁ မှာဖြစ်ပြီး အဲ့ဒီဒုက္ခသည်စခန်းတွေက နှစ်စဥ် နွေရာသီရောက်တိုင်း မကြာခဏ မီးလောင်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013