DVB Logo
Home
မြန်မာသတင်း
နို့နှင့် နို့ထွက်ပစ္စည်း ပြည်ပမှ တင်သွင်းနေရသဖြင့် နို့စားနွားမွေးကြရန် စစ်ခေါင်းဆောင်တိုက်တွန်း
DVB
·
March 9, 2023
နို့နှင့် နို့ထွက်ပစ္စည်း ပြည်ပမှ တင်သွင်းနေရသဖြင့် နို့စားနွားမွေးကြရန် စစ်ခေါင်းဆောင်တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ ပြည်ပကနေ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို နှစ်စဉ် တင်သွင်းနေရတာကြောင့် နို့စားနွားမွေးမြူရေးလုပ်ငန်းကို ပြည်တွင်းမှာ စနစ်တကျနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက နိုင်ငံခြားငွေသုံးစွဲရမှု လျော့ကျလာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

တောင်ကြီးမြို့မှာ မတ်လ ၇ ရက်က ရှမ်းပြည်နယ်ရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့စဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

ရှမ်းပြည်နယ်ဟာ နွားမွေးမြူရေး၊ ဝက်နဲ့ ကြက်မွေးမြူရေး လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အခြေခံကောင်းတွေရှိတဲ့ ဒေသဖြစ်တာကြောင့် နို့စားနွားမွေးမြူရေးလုပ်ငန်းကို ရှမ်းပြည်နယ်အတွင်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်မယ် ဆိုပါက နို့ထွက်ပစ္စည်း အများဆုံး ထုတ်လုပ်နိုင်တဲ့ ပြည်နယ်ဖြစ်လာပြီး နိုင်ငံအတွက်များစွာ အထောက်အကူပြုစေမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မွေးမြူရေးလုပ်ငန်းဟာ စစ်ခေါင်းဆောင် ပြောသလို အပြောလွယ်တဲ့ လုပ်ငန်း မဟုတ်ဘူးလို့ မွေးမြူရေးပညာရှင်တချို့က မှတ်ချက်ပေးပါတယ်။

“မွေးမြူရေး လုပ်တယ်ဆိုတာ လွယ်လွယ်လုပ်လို့ ရတဲ့ လုပ်ငန်း မဟုတ်ဘူး။ အရင်ဆုံးက ဒေသနဲ့ကိုက်ညီမှု ရှိ၊ မရှိ စူးစမ်းရတယ်။ ဒါကြောင့် သုတေသနလုပ်ငန်းတွေ လုပ်ရတယ်။ ပြီးရင် မွေးမြူထားတဲ့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဇီဝလုံခြုံမှု ထိန်းချုပ်ရေးနဲ့ ပုံမှန် ကာကွယ်ဆေးထိုးရတဲ့ လုပ်ငန်းတွေကလည်း ရှိသေးတယ်။ တခါ ထုတ်လုပ်မှု အပိုင်းမှာဆိုရင်လည်း ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းက ဘေးအန္တရာယ် ကင်းရှင်းပြီး ဘေးကင်းလုံခြုံတဲ့ အစားအစာတွေ ဖြစ်ဖို့ လိုအပ်တယ်။ ဆိုတော့ ဒီအဆင့်တွေကို ဖြတ်သန်းရမယ်။ ဒါတွေကို အမြဲမမပြတ် လုပ်နိုင်မှသာ ပြည်ပက တင်သွင်းနေရတဲ့ သွင်းကုန် နေရာမှာ အစားထိုးနိုင်မှာပေါ့ဗျာ။ အဲ့တော့ သူပြောသလို ပါးစပ်နဲ့ ပြောတာကတော့ ဘယ်အလုပ်ပဲ ဖြစ်ဖြစ် လွယ်တာပေါ့ဗျာ။ မဟုတ်ဘူးလား” လို့ ပြောပါတယ်။

ဒါ့အပြင် ယခင် အစိုးရ လက်ထက်တွေမှာ နိုင်ငံခြားကုန်သွယ်မှု လိုငွေတွေ ဖြစ်ပေါ်ခဲ့ ရတာက ပြည်တွင်း ထုတ်ကုန်တွေအပေါ် အားပေးမှု မရှိတာနဲ့ ပြည်ပ သွင်းကုန်တွေကို ပိုမို ဆောင်ရွက်ခဲ့တာကြောင့်တယ်လို့  စစ်ခေါင်းဆောင်က ဝေဖန်ပြောပါတယ်။

သုတေသီတဦးက “စစ်ကောင်စီ အနေဖြင့် သူ သွားဖို့လုပ်နေတဲ့ မူဝါဒက သွင်းကုန်အစားထိုး မူဝါဒ ပေါ့နော်။ ဆိုတော့ သွင်းကုန် အစားထိုး မူဝါဒကို ကျင့်သုံးနိုင်လောက်တဲ့ အခြေအနေတွေ မြန်မာပြည်မှာ ရှိနေပြီလား၊ စဉ်းစားဖို့ လိုပါတယ်။ မရှိပဲနဲ့ လုပ်ရင် ဘာဖြစ်လဲ ဆိုတော့ အတိတ်က ရှိခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ရင် သိနိုင်ပါတယ်နော်။ ဒီတော့ မဆလ ခေတ်မှာလည်း သွင်းကုန် အစားထိုး မူဝါဒကို ကျင့်သုံးခဲ့တာပဲ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ တိုင်းပြည် စီးပွားရေးကသာ ဆုတ်ယုတ်ခဲ့ရတယ်။ အခုလည်း ဒီစနစ်အတိုင်း ကျင့်သုံးမယ် ဆိုတော့ မြန်မာပြည်စီးပွားရေးက စစ်အုပ်ချုပ်ရေးအောက်မှာ ဘယ်တုန်းကများ ကောင်းခဲ့တာ ရှိခဲ့လဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကြောင့် ပြည်ပကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀ လောက် တန်ဖိုးရှိတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတွေဆီက အဓိက တင်သွင်းတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013