DVB Logo
Home
မြန်မာသတင်း
ကံပေါက်တွင် စာမေးပွဲကာလ ညမထွက်ရအမိန့် တိုးမြှင့်သတ်မှတ်ပြီး လုံခြုံရေးတင်းကျပ်
DVB
·
March 9, 2023
ကံပေါက်တွင် စာမေးပွဲကာလ ညမထွက်ရအမိန့် တိုးမြှင့်သတ်မှတ်ပြီး လုံခြုံရေးတင်းကျပ်
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပတဲ့ကာလအတွင်း ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုဖို့ ပိတ်ပင်တားမြစ်ထားပါတယ်။ 

လူ ၅ ယောက်ထက် ပိုမစု၊ အသံချဲ့စက်မဖွင့်ဖို့၊ လူစုလူဝေးနဲ့ အခမ်းအနားများ မပြုလုပ်ဖို့၊ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို မနှောင့်ယှက်ဖို့၊ နှောင့်ယှက်ပါက တာဝန်မယူကြောင်း ဒေသန္တရအမိန့်တခု ထုတ်ပြန်လိုက်တယ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က မတ်လ ၇ ရက်နေ့မှာ ကားနဲ့ လိုက်လံကြေညာခဲ့ပါတယ်။

မတ်လ ၈ ရက် ဆယ်တန်းစာမေးပွဲ စတင်ဖြေဆိုတဲ့နေ့မှာလည်း ကံပေါက်စာစစ်ဌာန အထက ကံပေါက်အနီးရှိ ရွာလယ်လမ်းကို မနက် ၇ နာရီခွဲမှ နေ့လယ် ၁၂ နာရီခွဲအထိ ပိတ်ထားတဲ့အပြင် ပတ်လမ်းတွေဖြစ်တဲ့ ကျောင်းသစ်ကျောင်းပတ်လမ်း၊ ရွှေစေတီကျောင်းပတ်လမ်းတွေကိုလည်း မော်တော်ယာဉ်တွေ ဖြတ်သန်းခွင့်မပြုဘဲ ခြေလျင်ပဲ ဖြတ်သန်းသွားလာခွင့် ပြုပါတယ်။

မတ်လ ၉ ရက် မနက်ပိုင်းမှာလည်း ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက် လမ်းမပေါ်မှာ လမ်းသွားလမ်းလာ ဘေးတွဲဆိုင်ကယ်၊ ကားတွေကို ရပ်တန့်စစ်ဆေးနေတယ်လို့ အဲဒီရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဘေးတွဲနဲ့လာတဲ့လူတွေလည်း ဆင်းခိုင်းပြီး စစ်နေတယ်။ မနေ့က (မတ်လ ၈ ရက်) တော့ ရွာဈေးကားတွေကိုပါ လှည်းကုန်းရပ်ကွက်မှာ စစ်တယ်။”

ကင်းလှည့်ပတ်စစ်ဆေးတာတွေအပြင် အထက ကံပေါက် စာစစ်ဌာနမှာ မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားတွေ ညအိပ်စောင့်ပြီး လုံခြုံရေးယူနေတယ်လို့ သိရပါတယ်။

အရင်က ကံပေါက်ဒေသမှာ ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်းသာ ညပိုင်းသွားလာခွင့် မပြုခိုင်းတာဖြစ်ပြီး အခု နာရီတိုးမြှင့်သတ်မှတ်လိုက်တဲ့ ညမထွက်ရ ကန့်သတ်ချက်ကြောင့် ဈေးသည်တွေ အခက်ကြုံနေရပါတယ်။

ဟင်းရွက်ဈေးသည်တဦးက “အခုက မာရှယ်လောပုံစံဖြစ်နေတာ၊ မနက် ၅ နာရီမှ အိမ်ကစထွက်ပြီး ဈေးသွားရင် အဆင်မပြေဘူး၊ ဆိုင်ကယ်မစီးရတာကလည်း တလကျော်ပြီ ဆိုတော့ နယ်ဘက်ကလူတွေပါ အခက်အခဲဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကံပေါက်စာစစ်ဌာနမှာ ဆယ်တန်းစာမေးပွဲ စတုတ္ထရက်က အသံမိုင်းတလုံး ပေါက်ခဲ့တာကြောင့် အခုနှစ်စာမေးပွဲမှာ လိုအပ်တာထက်ပိုပြီး လုံခြုံရေး တင်းကျပ်ထားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဆယ်တန်းစာမေးပွဲကို ကံပေါက်စာစစ်ဌာနမှာ ၆၃ ဦး ဝင်ရောက်ဖြေဆိုနေပြီး အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ စာမေးပွဲမှာတော့ ကံပေါက်တိုက်နယ်က အထကကျောင်း ၃ ကျောင်းနဲ့ အထကခွဲ ၂ ကျောင်းက ဖြေဆိုသူ ၈၀၀ ကျော် ရှိခဲ့ပါတယ်။

မတ်လ ၈ ရက်က စတင်ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်းက စာရင်းရှိ ၄,၃၀၃ ဦးအနက် ၃,၉၀၇ ဦး လာရောက်ဖြေဆိုကာ ပျက်ကွက်သူ ၃၀၀ ကျော်ရှိခဲ့ပြီး အထကကျောင်းတွေက ဝင်ရောက်ဖြေဆိုသူဦးရေထက် ပြင်ပဖြေဦးရေက ပိုများကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013