DVB Logo
Home
Lead Story
နွေဦးနှင့် မဲဆောက်က အညတြရ စျေးသည်
DVB
·
March 9, 2023
နွေဦးနှင့် မဲဆောက်က အညတြရ စျေးသည်
Donate to DVB

မဲဆောက်မှာ ရပ်ကွက်ကြီးတွေ ရှိကြတယ်။ အဲသည်ထဲမှ မယ်ပ ဆိုသော ရပ်ကွက်ကြီးတခုရဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ အနေများတဲ့ ထောင့်ကျကျ လမ်းဆုံးတခုမှာ ကုန်စိမ်း၊ ကုန်ခြောက်၊ ဖျော်ရည်၊ ယမကာကအစ မြန်မာကုန်စုံဆိုင်လေး တဆိုင်ရှိတယ်။ ဆိုင်ပိုင်ရှင် အဒေါ်ကြီးအမည်က လှိုင်လှိုင်တဲ့။ အမည်အရင်းက လှိုင်ရွှေစင်ထွဋ်လို့ ပြောတာပဲ။ မင်းသမီး အမည်ကြီးနဲ့ ဟုတ်လို့လား မေးတော့ သူ ရယ်ပြုံးလျက်။

သူ့အမျိုးသားက ပန်းရန်၊ လက်သမား၊ ဝရိန် အကုန်လုပ်တယ်။ မဲဆောက်ရောက်နေတာ ၁၈ နှစ်ရှိပြီ။ ဆယ်နှစ်အရွယ် သားလေးတယောက်နဲ့ ခြောက်နှစ်အရွယ် သမီးလေးတယောက် ရှိတယ်။ အမျိုးသားဖြစ်သူ ကျပန်းအလုပ်လုပ်ရင်း ထိုင်း ဆောက်လုပ်ရေးပိုင်ရှင်တယောက်နဲ့ တွေ့ပြီး နေစရာခြံလေး ပေးထားတယ်။ လှိုင်လှိုင်က အဲ့နေရာမှာ မြန်မာ ကုန်စုံစျေးဆိုင်လေး တည်ကာ သားသမီးနှစ်ယောက်ကို ပြုစုပျိုးထောင်နေလေရဲ့။

ကလေးနှစ်ယောက် ဘယ်ကျောင်းမှာထားလဲ မေးတော့ လူ့ဘောင်သစ်ရွှေ့ပြောင်းကျောင်းမှာလို့ ပြောတယ်။ ကလေးတွေက ထိုင်းမှာမွေးတာ မွေးစာရင်းရှိရဲ့နဲ့ ဘာလို့ ရွှေ့ပြောင်းကျောင်းဘက် ထားရတာလဲ မေးတော့...။

၂၀၁၅ NLD အစိုးရလက်ထက်အရောက် ဇနီးမောင်နှံနှစ်ဦး ငွေလေးတွေ အသင့်အတင့် စုမိလာတဲ့အခါ ရန်ကုန်မြို့ စက်မှုဇုန်တခုမှာ သိန်း ၂၀၀ တန် ခြံကွက်လေးဝယ်ထားတယ်။ အိမ်လေးဆောက်ဖို့ ငွေလိုနေသေးလို့ ထိုင်းမှာ အလုပ်လုပ်ရင်း စုနေတာ သားကြီး အရွယ်ရောက်တော့ ထိုင်းကျောင်းမှာထားရင် ငါတို့အိမ်ပြန်ချိန် သင်ရိုးတွေ မတူမှာ စိုးတာရယ် ပြည်တွင်းမှာဆို ကျောင်းပြောင်းတာချင်း ပိုအဆင်ပြေတာမို့ မြဝတီမှာ သားအကြီးကို မြန်မာစာသင်ကျောင်း သွားထားခဲ့တယ်။ သမီးလေး မွေးပြီးပြန်တော့လည်း သူဌေးက ကလေးနှစ်ယောက်လုံးကို သူတို့ မဲဆောက်အိမ်ထောင်စုစာရင်းထဲ ထည့်ပေးထားတယ်။ ၂၀၁၉ လောက်အရောက်မှာ သူဌေးကပါ ပြောလာတယ်။ နင်တို့ ပြောင်းသွားရင် ငါတို့လည်း မြန်မာပြည် အလုပ်လာလုပ်မှာ။ အခြေအနေက တိုးတက်မှု ရှိလာပြီဆိုပြီး ပြောလာတယ်။ လှိုင်လှိုင်တို့ ဇနီးမောင်နှံက တယောက်မျက်နှာ တယောက်ကြည့်ပြီး တပြုံးပြုံးနဲ့ပေါ့။

ဒီလိုနဲ့ ဈေးဆိုင်ပစ္စည်းလေးတွေလည်း လျှော့ပြီးတင်၊ ကိုဗစ်ကလည်း ထဖြစ်နေပေမဲ့ စိတ်ကူးထဲက မြန်မာပြည်က ခြံကွက်လေး အတော်လေးလှနေပြီ။ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းအပြီး ကာကွယ်ဆေးတွေ စထိုးနေပြီဆိုကာမှ အထုပ်အပိုးပြင် မြဝတီတံတားကြီး ဖွင့်မည့်ရက် စောင့်မျှော်နေခဲ့ပါတယ်။

ဒီလိုနဲ့ လှိုင်လှိုင်တို့ မထင်မှတ်ထားသော ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြားလိုက်ရတဲ့ မြန်မာပြည် သတင်းစကားက ပြည်တွင်းက ပြည်သူတွေ ဘယ်လောက်ခံစားလိုက်ရမလဲ မသိပေမဲ့ ထိုင်းမှာရောက်နေတဲ့ လှိုင်လှိုင်တယောက် မျက်ရည်တွေကျပြီး ဝမ်းနည်းမှုတွေနဲ့အတူ အိမ်ပြန်ချိန် မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရတယ်။

အဲ (--) လုပ်တာနဲ့ သားသမီးရှေ့ရေးက ဝေးပြန်ပြီပေါ့။ သားက ဆယ်နှစ်ရှိပြီဆိုတော့ ထိုင်းကျောင်းလည်း ပြောင်းတက်လို့ အဆင်မပြေတော့ဘူး။ အတိတ်ဘဝကံက သူများနိုင်ငံမှာ နေရမယ့် ဇာတာများ ပါလေသလား မသိပါဘူးလို့ လှိုင်လှိုင် ကြံချောင်းတွေကို မအလ မျက်နှာ အောက်မေ့နေလေသလား တအားဆွဲခြစ်နေရင်းနဲ့ ပြောနေတယ်။

သိပ်မကြာပါဘူး၊ မဲဆောက်ကို တိမ်းရှောင်လာသူတွေ၊ CDM မိသားစုတွေ အပြုံလိုက်ကြီး ရောက်ချလာပါရော။ လှိုင်လှိုင်ရဲ့ဆိုင်လေး စည်ကားစွာ ရောင်းနေရပေမဲ့ စိတ်မောနေရရှာတယ်။

ဟဲ့ ရဲကတ်လေး လုပ်ထားကြပါ။ သူများဆိုင်ကယ်နောက် လိုက်မစီးကြနဲ့ဦး၊ ပြဿနာတွေတက်ပြီး ငွေက အလုံးအရင်းကုန်မှာနော်။ အမလေး ငါတို့တုန်းက ရဲနဲ့တွေ့ လေး ငါးရာပဲ။ အခု မအလလုပ်မှပဲ မဲဆောက် သုံးထောင်က စပေးနေရပြီဟေ့။

နေစရာကတော့ ဘယ်တန်းလျားက စျေးချိုတယ်။ အလုပ်ကတော့ ငါ့အမျိုးသား ပန်းရန်၊ လက်သမား၊ ဝရိန်ဆော်ရင် လူလိုလိုက်ပေါ့။ အဲသည်လိုလေးတွေ လှိုင်လှိုင်တို့ ဈေးဆိုင်လေးကနေ ကူညီနေဖြစ်တယ်။

သတင်းမီဒီယာက သတင်းထောက်တွေ ဆိုင်လာရင်လည်း ငါ့ပုံတွေ မရိုက်နဲ့နော်၊ ငါ့ သိန်း ၂၀၀ ကျော်ခြံလေး ဆုံးကုန်ဦးမယ်လို့ လှိုင်လှိုင် ပြုံးရယ်ရင်း ပြောနေရဲ့။

မဲဆောက်မှာ တော်တော်များများ ဒုက္ခရောက်နေတာက CDM ဝန်ထမ်းတွေပဲ။ အိမ်လည်း ပြန်မရသူတွေ။ ထောက်ပံ့ကြေးတွေကလည်း သိပ်အဆင်မပြေကြနဲ့ သူတို့တွေ သနားဖို့ကောင်းတယ်။ ဆန္ဒပြတုန်းက ပြည်သူတွေက ကျွေးထားမှာဗျ၊ ခုတော့ ဘယ်ရောက်ကုန်လဲ မသိ။ လောလောဆယ် လှိုင်လှိုင်ကတော့ ရှိတာလေး အကြွေးပေး။ ကိုယ့်ငွေ ပြန်မရလည်း အလုပ်လေးပါ လိုက်ရှာပေးနေရတယ်။

ဟိုတလောက ကိုယ်စားလှယ်လို့ ပြောတဲ့သူ ငှားနေတဲ့ ခြံအကျယ်ကြီးထဲက နှစ်ထပ်အိမ်ကြီးကို လှိုင်လှိုင် အမျိုးသားဖြစ်သူ ဆောက်လုပ်ရေးတခု သွားလုပ်ရတယ်။ CDM လက်နက်ကိုင် နှစ်ယောက်လည်း လူလိုလို့ အလုပ်ထဲခေါ်သွားတယ်။ သူတို့နှစ်ယောက် အလုပ်သာ လုပ်နေကြတာ မျက်နှာမကောင်းကြဘူး။ အေးလေ၊ ဘယ်တတ်နိုင်မှာလဲ သူတို့ရဲ့ ကံပေါ့လို့ လှိုင်လှိုင် အမျိုးသားက ပြောပါတယ်။

ကျမ ဈေးတွေရောင်းနေရပေမဲ့ တော်လှန်ရေးကြီး မြန်မြန်ပြီးစေချင်ပြီ။ မဲဆောက်က နေထိုင်စားစရိတ် ကြီးကြီးနဲ့။ အဆင်ပြေသူ ပြေကြသလို တချို့တွေလည်း တိုင်တွေပတ်နေကြတယ်။ လင်မယား အကွဲတွေ ဖြစ်လာတာတွေလည်း တွေ့လာရတယ်။

ဖြစ်နိုင်ရင် သူတို့ကို စားဝတ်နေရေး အကုန်မစီစဥ်ပေးနိုင်ရင်လည်း နေ့စားအလုပ်လေးတွေ ဌာနဆိုင်ရာ CDM အလိုက် ရှာပေးစေချင်တယ်။

မယ်ပမှာ လှိုင်လှိုင် ဈေးရောင်းနေမယ်။ အမျိုးသားလည်း သူ့အလုပ်လေးနဲ့ သူ အဆင်ပြေတယ်။ သားသမီးနှစ်ယောက်ကလည်း ထိုင်းမွေးစာရင်းရှိတော့ လှိုင်လှိုင် ရန်ကုန်ကခြံ ပြန်မနေရလည်း ဒီမှာ အဆင်ပြေတယ်။ PDF တွေ ဘာတွေ မထောက်ပံ့နိုင်ဘူး။ ဒါပေမဲ့ လှိုင်လှိုင် မဲဆောက်ဘက် တိမ်းရှောင်နေသူတွေ အဓိက CDM တွေကို သူတို့ဘဝ ဖြတ်သန်းနေရပုံလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။

လှိုင်လှိုင် တယောက် တော်လှန်ရေး ဘယ်အထိ ရောက်နေပြီလဲ မသိဘူး။ သူမ သိတာ မင်းအောင်လှိုင် အမြန်သေပြီး တော်လှန်ရေး ပြီးဆုံးချင်နေတာပဲ သိတယ်။

ရွှေနွယ်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013