Home
ဆောင်းပါး
သမ္မတကြီး၏ ဆောင်းပါး
DVB
·
March 9, 2023
Article

မတ်လ ၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတကြီး ဒူဝါးလရှီးလက ဆောင်းပါးရေးသားခဲ့ရာတွင် မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာရသော နိုင်ငံရေးအကျပ်အတည်းကြီးသည် ၂ နှစ် ကြာလာသည့်အခါ လူသားချင်း မဖြစ်မနေ စာနာထောက်ထားကူညီရမည့် အကျပ်အတည်းကြီး ကူးပြောင်းသွားခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

နိုင်ငံလူဦးရေ စုစုပေါင်း၏ တဝက်နီးပါးသည် အစာအာဟာရ လုံလောက်စွာ မစားနိုင်သည့် အခြေအနေ ဆိုက်နေပြီဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား ဖော်ပြခဲ့သည်။

ထိုအကျပ်အတည်းကြီးအား ဒေသတွင်းနိုင်ငံများ စနစ်တကျညှိနှိုင်းပြီး အကူအညီများ ပေးပို့နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် သူ၏ ဆောင်းပါးတွင် တောင်းဆိုထားသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါကြောင်းလည်း ထောက်ပြသွားခဲ့သည်။

နယ်ခြားဒေသများသို့ အကူအညီများ အလုံးအရင်းနှင့် စိတ်ချယုံကြည်ရသော လမ်းကြောင်းမှ ဝင်ရောက်လာရေးနှင့် ထိုအကူအညီများကို ထိထိရောက်ရောက် ဖြန့်ဖြူးပေးမည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်ဟုလည်း ပါရှိသည်။

သို့သော် ထိုအရေးအတွက် သမ္မတကြီး ထောက်ပြနေသည့် အဓိက တာဝန်ရှိသော နိုင်ငံသည် ထိုင်းနိုင်ငံဖြစ်နေသည်။ The Diplomat စာစောင်တွင် ထိုင်းအစိုးရသည်လည်း အာာဏာသိမ်းပြီး ဖွဲ့စည်းလာခြင်းဖြစ်၍ မြန်မာစစ်အာဏာသိမ်းအဖွဲ့နှင့် ဆက်ဆံရေး ပျက်ပြားလိုဟန်မရှိ၊ ကျန်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့သည်လည်း အာဏာကို သေနတ်ပြောင်းဝမှ တဆင့် ရယူလာသူများ ဖြစ်နေပြန်သည်ဟု ဆိုသည်။ ထိုသေနတ်ပြောင်းများကိုလည်း ဖုန်မတက်စေရန် အမြဲလို သန့်ရှင်းအောင် လုပ်ထားကြသူများ ဖြစ်သည်။

စင်ကာပူသည် မည်မျှပင် မနှစ်မြို့စေကာမူ တနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်သင့်ဆိုသော မူကို အခိုင်အမာ စွဲကိုင်ထားသည်။ ဖိလစ်ပိုင်ကလည်း မည်သို့မျှ ပါဝင်ပတ်သက်လိုဟန် မရှိ၊ အင်ဒိုနီးရှားကလည်း ပြတ်သားစွာ ကိုင်တွယ်သွားမည်ဟု ပြောနေသော်လည်း ကျန်နိုင်ငံများ၏ အနေအထားကို ကြည့်နေရသည်ဟု ဆိုသည်။

အာဆီယံအတွင်း ထိုကဲ့သို့ ဖြစ်နေမှုကြောင့် ထိုင်းကဲ့သို့ မျက်နှာထောက်စရာမလိုသော မလေးရှားက ဒုက္ခသည်များ ပြဿနာကို အကြောင်းပြု၍ ပူညံပူညံ လုပ်လာနေခြင်းပင် ဖြစ်မည်။

အနောက်အုပ်စုဘက်ကလည်း အာဆီယံအား အတင်းအကျပ် ဖိအားပေးပါက ပြိုကွဲသွားမည့် အရေးကို စိုးရိမ်နေ၍ လိုအပ်သည်ထက်ပို၍ တွန်းတွန်းတိုက်တိုက် လုပ်လိုစိတ်မရှိ ဖြစ်နေသည်။ ထို့အတူ ၎င်းတို့၏ အဓိက မဟာမိတ်ဖြစ်နေသော ထိုင်းကိုလည်း သက်သက်ညှာညှာ ဆက်ဆံနေဆဲ ဖြစ်သည်။

ယနေ့ထုတ် အီကော်နောမစ် မဂ္ဂဇင်းကြီးတွင် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီရှားသမ္မတ ဂျိုကိုဝီသည် သူ့နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးမှအပ အခြား ဘာကိုမျှ မယ်မယ်ရရ စိတ်ဝင်စားခြင်းမရှိ၍ အာဆီယံအား မျှော်လင့်နေသလို ခေါင်းဆောင်မှု ထူးထူးခြားခြား ပေးနိုင်မည့်သူ မဟုတ်ဟု ဝေဖန် ရေးသားထားသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ စစ်ဗိုလ်ချုပ်များကြောင့် အာဆီယံနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးခံ၍ မဖြစ်ဆိုကာ အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်တယောက်ကို လွှတ်၍ နားချမည်ဟု ဆိုသည်။ သို့သော် ထိုမျှလောက်နှင့်တော့ အလေးအနက် ကြိုးပမ်းသည်ဟု ပြော၍မရဟုလည်း ပါရှိသည်။

၂၀၂၄ ဖေဖော်ဝါရီတွင် သက်တမ်းနှစ်ဆက်ပြည့်၍ ပြန်လည်အရွေးခံတော့မည် မဟုတ်သည့် ဂျိုကိုဝီသည် အာဆီယံ၏ခေါင်းဆောင် ဖြစ်လာသော်လည်း ကျန်အဖွဲ့ဝင်နိုင်ငံများထက် ပို၍ ထူးခြားသည့် အာဏာ၊ အဆင့်အတန်းမျိုး မရှိဘဲ အတူတူနှင့် အနူနူကြားထဲက ခေါင်းဆောင်ဖြစ်လာသည့် “First among equal” သာ ဖြစ်သည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ပြည်သူများအနေဖြင့် စစ်အာဏာရှင် အဆက်ဆက်တွင် သူရူးပမာ ဖြစ်နေရှာသူများ လက်အောက်တွင် အဆိုးဝါးဆုံး အနေအထားနှင့် ကြုံ‌နေရပြီဖြစ်၍ ထိုသို့ ရှက်ဖွယ်လိလိ အဖြစ်ဆိုးမျိုးအား သားစဉ်မြေးဆက် လက်ဆင့်ကမ်းသွား၍ မဖြစ်အောင် တာဝန်သိသိဖြင့် ဆောင်ရွက်ကြရတော့မည် ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024