DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ ၌ ပြည်သူ ၁ ဦး ပစ်သတ်ခံရ၊ မြောင်နယ် PDF စခန်းကို မီးရှို့၊ မုံရွာလမ်း၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ မြိုင်မြို့နယ်၌ ပျူစောထီးရွာ တိုက်ခိုက်ခံရ
DVB
·
March 8, 2023
ကလေးမြို့ ၌ ပြည်သူ ၁ ဦး ပစ်သတ်ခံရ၊ မြောင်နယ် PDF စခန်းကို မီးရှို့၊ မုံရွာလမ်း၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ မြိုင်မြို့နယ်၌ ပျူစောထီးရွာ တိုက်ခိုက်ခံရ
1 / 5
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ်လ ၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) ကနေ သိရပါတယ်။

သရက်ကွ ပျူစောထီးရွာမှာ မနေ့နေ့လယ် ၁၂ နာရီခွဲလောက်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်အပါအဝင် ပျူစောထီးတွေရဲ့ နေအိမ်တွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၀ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မီးပွားက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ အီနာဂါဗုံးသီးတွေ ပျူစောထီးတွေရဲ့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီး အများအပြား ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Cheetah တပ်ဖွဲ့၊ သူရိန်တပ်ဖွဲ့၊ Hero New GZ တပ်ဖွဲ့၊ Myaing Warriors တပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ မတ်လ ၁ ရက် ညနေပိုင်းကလည်း သရက်ကွ ပျူစောထီးရွာက နာရေးတခု ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) ကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောင်သစ္စာရပ်ကွက်၊ သံသာရုံဘုန်းကြီးကျောင်းအနီးက ဒေသခံအမျိုးသားတဦးဖြစ်တဲ့ ဦးဖြူတုတ်ကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

မတ်လ ၅ ရက် ညနေ ၄ နာရီကျော်လောက်က စစ်ကောင်စီတပ်သားတွေ ဦးဖြူတုတ်ရဲ့ နေအိမ်ကို လိုက်လံရှာဖွေနေစဉ် ဦးဖြူတုတ်က မိမိရဲ့အိမ်ကနေ မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးရာ စစ်‌‌ကောင်စီတပ်သားတွေက ကားနဲ့လိုက်ပြီး ဦးဖြူတုတ်ကို ပစ်ခတ်ခဲ့ရာ ထန်းတပင်ဘုန်းကြီးကျောင်းအနီးမှာ ဦးဖြူတုတ် ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မိသားစုဝင်တချို့က ဒီဗွီဘီကို ပြောပါတယ်။

“ဦးဖြူတုတ်မှာ သမီး ၂ ယောက်ရှိတယ်။ ဦးဖြူတုတ် အိမ်ကထွက်ပြေးပြီး စစ်သားတွေ သူ့နောက်လိုက်တာ သမီးအကြီးမက မြင်တယ်။ ဒါနဲ့ သူ့သမီးက လိုက်သွားတာ။ စစ်သားတွေ ကားပေါ်ကနေ သူ့အဖေကို သေနတ်နဲ့ ၆ ချက်ပစ်တာ မြင်ခဲ့ရတယ်လို့ သူ့သမီးအကြီးမက ပြောတယ်။ စစ်သား‌တွေက‌ သေနတ်နဲ့ပစ်ပြီး ပြန်သွားကြတာ။ သူ့အ‌ဖေအလောင်းဆီက သူက ပိုက်ဆံအိတ်တွေ၊ ဖုန်း‌တွေ ယူ‌ခဲ့သေးတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့အနီးက‌ ဒေသခံတွေက ကလေးမကို အန္တရာယ်များလို့ ပြန်ခိုင်း‌တော့ သူမက ပြန်ခဲ့တာ။ သူ့အဖေကို သူ့မျက်စိရှေ့တင် ပစ်သတ်ခံရတာကိုမြင်တော့ သူအိမ်ရောက်တော့ မူးလဲသွားတယ်။ အခုချိန်ထိ စကားလည်းမပြောဘူး။”

စစ်ကောင်စီက ဦးဖြူတုတ်ကို ပစ်သတ်ပြီး နာရီပိုင်းအတွင်းမှာပဲ စစ်သားတွေက အလောင်းကို လာသယ်သွားကြပြီး ၆ ရက်နေ့မှ အလောင်းပြန်ပေးတာကြောင့် ၇ ရက်နေ့ကမှ သုသာန်ပို့ပြီး သင်္ဂြိုဟ်ကြရတာလို့ ဆိုပါတယ်။

ဦးဖြူတုတ်ဟာ အရင်က ဘိန်းဖြူရောင်းတယ်ဆိုတဲ့ သတင်းကျော်ကြားတာကြောင့် စစ်ကောင်စီက လာရောက်ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးဖြူတုတ် ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်ကောင်စီက ဦးဖြူတုတ်ကို ဘာကြောင့် လာရောက်ဖမ်းဆီးတယ် ဆိုတာကိုလည်း ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဒေသကာကွယ်ရေးတပ် CDSOM နဲ့ CRF တပ်ဖွဲ့တို့ရဲ့ အခြေစိုက် ခြေကုပ်စခန်းတွေကို မတ်လ ၅ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မတ်လ ၅ ရက်က CDSOM တပ်ဖွဲ့နဲ့ CRF တပ်ဖွဲ့တို့ရဲ့ အခြေစိုက်ကျေးရွာကို မြောင်နယ်တဖက်ကမ်း မြင်းခြံနယ်၊ ဆီမီးခုံနယ်နဲ့ ဥဒယရွာဘက်ကမ်းက စစ်ကောင်စီတပ်၊ ပျူစောထီးတပ်နဲ့ ရဲတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဟာ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်းဖြန့်ပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ အပြန်အလှန် အီနာဂါ ဗုံးသီးပစ် တိုက်ခိုက်ခဲ့ကြပြီး ဒေသကာကွယ်ရေးတပ်ဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဆုံးရှုံးလိုက်ရကာ စစ်ကောင်စီတပ်ဘက်ကတော့ ၂ ဦး ကျဆုံးတယ်လို့ CDSOMသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးမှုကြောင့် အနီးနားက ကျေးရွာ ၃ ရွာဖြစ်တဲ့ ချောင်းဆင်းရွာက ၇၄ အိမ်၊ ပေါက်ချောင်းရွာက ၄ အိမ်၊ ရသစ်ရွာက ၁၇ အိမ် စုစုပေါင်း ပြည်သူ့နေအိမ် ၉၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သိမ်းဆည်းခံလိုက်ရတဲ့ ပစ္စည်းတွေကတော့ ပြောက်ကျားဂျာကင် ၁၀၀ ထည်၊ ပြောက်ကျားဦးထုပ် ၁၅၀ လုံး၊ မိုင်း (Receiver) ၄၀၀ ခု၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ Epson ပရင်တာ ၂ လုံး၊ 2900 ကက်ထရစ် ၄ လုံး၊ ဓာတ်ခဲအစုံ ၁၃၄ လုံး၊ ကီးဘုတ်နဲ့ မောက်စ် ၃ စုံ၊ ခေါက်ဆိုလာပြား ၃ ခု အပါအဝင် အများအပြား ဆုံးရှုံးလိုက်ရကြောင်း သိရပါတယ်။

မုံရွာ-မန္တလေး ကားလမ်း၊ စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်သားတွေကို မတ်လ ၆ ရက်‌ ည ၁၁ နာရီလောက်က မဟာမိတ်ညီနောင်တပ်ဖွဲ့ဝင် ရဲဘော်တွေက ၆၀မမ နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် နေရာမှာတင် ပွဲချင်းပြီး ထိမှန်သေဆုံးသွားတယ်လို့ မုံရွာခရိုင်တပ်ရင်း-၇ - Lightning People Defence Force အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

မုံရွာခရိုင်တပ်ရင်း-၇ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက “အတင်းအဓမ္မ ပိုက်ဆံတောင်းတဲ့အပြင် ပြည်သူပိုင်စိုက်ခင်းတွေကနေ ဟင်းသီးဟင်းရွက်တွေကို ခိုးယူစားသောက် ဖျက်ဆီးနေတဲ့ (--) တွေကို ၆၀မမ နဲ့ ၃ ချက် သွားရောက်ဆုံးမ တိုက်ခိုက်တာ စစ်သား ၆ ယောက်‌ နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ပြည်သူလူထုကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့ (--) မှန်သမျှကို ရရင်ရသလို ကြုံရင်ကြုံသလို တိုက်ခိုက်ချေမှုန်းသွားပါမယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီစစ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့‌ပေမဲ့ မဟာမိတ်ညီနောင်ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါ မစ်ရှင် တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း-၇ - Lightning People Defence Force အဖွဲ့က ဦးဆောင်ပြီး မော်လိုက်ခရိုင်တပ်ရင်း-၂၊ မုံရွာခရိုင်လှုပ်ရှားတပ်ရင်း မဟာမိတ်ပူးပေါင်းတပ်ရင်းတို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေသားဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု အ‌ခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ဘက်ကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013