DVB Logo
Home
Lead Story
ကျောင်းသားများ စာကျက်ရန် စက်မှုလုပ်ငန်းများအား မီးဖြတ်ရ
DVB
·
March 8, 2023
ကျောင်းသားများ စာကျက်ရန် စက်မှုလုပ်ငန်းများအား မီးဖြတ်ရ
Donate to DVB

မြန်မာပြည်သည် အာဏာသိမ်းပြီး ၂ နှစ်အတွင်းမှာပင် ထိုအဖြစ်သို့ ရောက်ရှိသွားရရှာပြီကို ကမ္ဘာသိ သက်သေပြလိုက်သည့်လုပ်ရပ်လည်း ဖြစ်သည်။

မင်းအောင်လှိုင်သည် အိမ်တိုင်းတွင် ကျောင်းသားများရှိနေ၍ ထိုကဲ့သို့လုပ်မည်ဆိုလျှင် သူ့အား လူတိုင်းက ကျေးဇူးကြီးပါပေရဲ့ဆိုကာ ထောက်ခံလာကြမည်ဟုလည်း တွက်ဆနေဟန်ရှိသည်။ ဤသည်ကိုလည်း လုပ်သားကောလိပ်တွင် မြန်မာစာနည်းပြလုပ်ခဲ့သော မိန်းမဖြစ်သူက အားပေးအားမြှောက်လုပ်ဟန် ရှိသည်။

ရန်ကုန်ရှိ စက်မှုလုပ်ငန်းများအနေဖြင့် ကျောင်းသားများစာကြည့်ရန် ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ ဓာတ်အားသုံးစွဲခွင့်မပြုဟု ရန်ကုန်လျှပ်စစ်ရုံးမှ ကြေညာချက် ထွက်ပေါ်လာသည်ဟု Bloomberg စီးပွားရေးစာစောင်ကြီးတွင် သတင်းပါရှိလာခဲ့သည်။

တဖက်တွင်လည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်နေသော်လည်း တဖက်က မစဉ်းစား မဆင်ခြင်၊ စိတ်ထင်တိုင်း လုပ်နေမှုများကြောင့် တယောက်က လက်နှင့်ရေး၊ ကျန်တယောက်က ခြေနှင့်ဖျက် ဆိုသလို အတိုင်အဖောက်ညီစွာ လှုပ်ရှားနေကြသည်။

တိုင်းပြည်နှင့် လူထုကတော့ ထိုသို့ ဦးနှောက်ပိုင်ရှင်များအကြား သွန်လိုသွန် မှောက်လိုမှောက် အလူးအလိမ့် ခံနေကြရပြီ ဖြစ်သည်။

ထိုသို့ စက်မှုလုပ်ငန်းများအား ဓာတ်အားဖြတ်တောက်မည့် အစီအစဉ်သည် မတ်လ ၂၀ ရက်နေ့အထိ အကျုံးဝင်မည်ဟု ဆိုသည်။

အရှိန်အဟုန်ဖြင့် ချီတက်နေကြသော အိမ်နီးချင်းနိုင်ငံများကတော့ စစ်အာဏာသိမ်းအဖွဲ့ ဗျာများနေသည်ကိုပင် ဟာသ သဖွယ် ရယ်မောနေကြပြီ ဖြစ်သည်။

စွမ်းအင်ပြတ်တောက်မှုကို ထေမိရန် ရုရှားမှ လောင်စာဆီဝယ်ယူမည်ဟု ပြောနေသော်လည်း ယနေ့အထိ တစီးတလေမျှပင် ရောက်ရှိလာခြင်းမရှိဟု Bloomberg သတင်းက ဆိုသည်။

မြန်မာတွင် ထိုသို့ ဓာတ်အားပြတ်တောက်မှုသည် နယ်ဘက်တွင် ဖြစ်နေကျဖြစ်သဖြင့် အထူးအဆန်း မဟုတ်လှသော်လည်း စက်မှုလုပ်ငန်းများ စုဝေးရာ ရန်ကုန်အထိ နယ်ချဲ့လာသည့်အဖြစ်သည် ရှားရှားပါးပါး ဖြစ်သည်ဟုလည်း ရေးသားထားသည်။

မြန်မာနောင်းတွင် ပါရှိလာသော သတင်းအရ စစ်အာဏာရှင်အလိုကျ အသုံးတော်ခံရမည့် နိုင်ငံရေးပြဇာတ်ကြီးတွင် ပါဝင်အသုံးတော်ခံနိုင်ရန် နိုင်ငံရေးပါတီ ၁၃ ဖွဲ့က အလုအယက် မှတ်ပုံတင်လာကြပြီ ဖြစ်သည်ဟု သိရသည်။ ထိုအထဲတွင် ငွေခဝါချမှု၊ ထောင်ဖောက်ပြေးမှုဖြင့် အကျဉ်းချခံထားရသော ကျော်မြင့်၏ ပါတီသည်လည်း ကိုကိုကြီး ကဲ့သို့ပင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

လက်ရှိ မြန်မာ့အရေးအား ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများက မည်သို့မည်ပုံ ဖြေရှင်းရမည် အရေးအပေါ် ခေါင်းချင်းရိုက်နေကြချိန်၊ နိုင်ငံတွင်းရှိ လူငယ်များ အခွင့်အရေးရလျှင် ရသလို တိုင်းပြည်မှ အလုအယက် ထွက်ခွာနေကြချိန်၊ ကျန်နေသည့် လူများသည်လည်း မိမိ အသက်တချောင်းကို ကြံဖန် မွေးမြူနေကြရချိန်တွင် ထိုပုဂ္ဂိုလ်များအဖို့က တိုင်းပြည်သည် သာသာယာယာ ရှိနေသည်ဟု ခံယူထားကြသူများ ဖြစ်သည်။

ပြည်သူများကလည်း ထိုရွေးကောက်ပွဲအား အလိမ်အညာအဖြစ်သာ လက်ခံထားကြပြီဖြစ်၍ ၎င်းတို့ ယှဉ်ပြိုင်သည်ဖြစ်စေ၊ မယှဉ်ပြိုင်ပဲနေနေ စိတ်ဝင်စားကြမည်မဟုတ်၊ သေနတ်နှင့်ချိန်၍ မဲရုံထဲ မောင်းသွင်းခံရမှသာ မတတ်သာ၍ မဲထည့်ကြမည်သာ ဖြစ်သည်။

ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပပေးမည့် စစ်တပ်သည် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက် တိုက်ခိုက်နေသည့် အရေးအားလည်း တခွန်းတပါဒမျှပင် ကန့်ကွက် ပြောဆိုကြခြင်းလည်း မရှိဘဲ ပါတီအမည်ကို ပြည်သူ သို့မဟုတ်ကလည်း ဒီမိုကရေစီ ဆိုသည့် အမည်ခံရဲသူများ ဖြစ်သည်က အံ့ဩဖွယ်အတိပင် ဖြစ်သည်။

ဤနေရာတွင် အလျင်းသင့်၍ ၂၀၁၅ နိုဝင်ဘာလအတွင်း ဝါရှင်တန်ပို့စ် သတင်းစာကြီးက မင်းအောင်လှိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုကို မိမိ၏ဂျာနယ်တွင် အခန်းဆက် ဖော်ပြနေသည့် ဒင်းနစ် စမစ်၏ The Civilized Rebels တွင် ပါရှိလာသည်ကို ပြန်လည် တင်ပြလိုပေသည်။

မေးသူက “ခင်ဗျားအနေနဲ့ အောင်ဆန်းစုကြည်နဲ့အတူ အလုပ်တွဲလုပ်လို့ ရနိုင်မယ်လို့ ထင်သလား”

မင်းအောင်လှိုင်က “ဘာကြောင့် မရနိုင်စရာ ရှိမလဲဗျာ၊ တိုင်းပြည်အတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်ဆိုရင် အလုပ်အတူတူ တွဲလုပ်နိုင်ပါတယ်၊ ဒီလို ပူးပေါင်း လုပ်ဆောင်သွားနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်” ဟု ကမ္ဘာသိ ပြောသွားခဲ့သည်။

၎င်းတို့ကို မဆိုထားဘိ၊ တကမ္ဘာလုံးကိုပင် ဗလောင်းဗလဲပြောဖို့၊ ကတိပေးဖို့ လက်မတွန့်သူကိုပင် ထိုပုဂ္ဂိုလ်များက ဆက်လက်ယုံကြည်နေဆဲပင် ဖြစ်သည်။

မကြာမီက မင်းအောင်လှိုင်၏ ဆရာသမားဖြစ်သူ အသက် ၉၀ အရွယ်ရှိ အာဏာရှင်ဟောင်း သန်းရွှေသည် နေပြည်တော်တွင် လက်ရှိ အာဏာရှင်အဖြစ် ဆက်ခံလာသူ မင်းအောင်လှိုင် တည်ဆောက်နေသော မာရဝိဇယ ရုပ်ပွားတော်ကို လာရောက်ကြည့်ရှုခဲ့သည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လာနေရာ လက်ရှိတွင် တပ်တွင်းစည်းလုံးမှု အတွက် စိုးရိမ်စရာ အနေအထား ရောက်နေပြီ ဆိုသည်ကို ရိပ်စားမိသော မင်းအောင်လှိုင်မှ လူကြီးများက ၎င်းအား နောက်ကွယ်မှ ထောက်ခံနေကြောင်း ခြိမ်းခြောက်ထားနိုင်ရန်အတွက် ဖြစ်မည်ဟု သုံးသပ်နေကြကြောင်း ဧရာဝတီတွင် ဖော်ပြထားသည်။

ယခုအခါ ၎င်းနေထိုင်ရာ အိမ်တော်ကြီးမှပင် သေနတ်သံများ ကြားလာနေရပြီဖြစ်သည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013