
ရုရှားနိုင်ငံဟာ ဥရောပနိုင်ငံတွေအပေါ် “အရိပ်သဖွယ် လျှို့ဝှက်စစ်ပွဲ” တခု ဆင်နွှဲနေတယ်ဆိုတဲ့ ဂျာမနီ နိုင်ငံခြားရေး ထောက်လှမ်းရေးအကြီးအကဲရဲ့ စွပ်စွဲချက်တွေကို ကရင်မလင်နန်းတော်က အောက်တိုဘာ ၆ ရက်မှာ ပယ်ချလိုက်ပါတယ်။
အဲဒီစွပ်စွဲချက်တွေဟာ ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုကို အကြောင်းပြဖို့အတွက် သတင်းအချက်အလက်နဲ့ လုပ်ကြံဖန်တီးထားတဲ့ လှည့်ကွက်သက်သက်သာဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။
တနင်္လာနေ့က ဂျာမနီ ထောက်လှမ်းရေးအကြီးအကဲ မာတင် ယယ်ဂါက ဂျာမနီဟာ ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတခုကို ရင်ဆိုင်နေရပြီး အဲဒါဟာ “ပုံစံသစ်၊ ပိုပြီးအန္တရာယ်ကြီးတဲ့ အတိုင်းအတာတခု”ဆီ ရောက်ရှိနေပြီလို့ ပြောပါတယ်။
ဂျာမနီနိုင်ငံအတွင်းက ပစ်မှတ်တွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မဲ့ ခြိမ်းခြောက်မှုတွေဟာ လက်တွေ့ဖြစ်လာနိုင်ခြေရှိပြီး ချက်ချင်းဆိုသလို ဖြစ်ပွားလာနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က “စွပ်စွဲချက်တွေကို အရင်ကလည်း အခါခါ ကြားဖူးနေကျဖြစ်ပြီး ဒီစွပ်စွဲချက်တွေက လုံးဝ အခြေအမြစ်မရှိသလို လက်တွေ့ကျတဲ့ ဘာအချက်အလက် ဘာအထောက်အထားမှ မရှိပါဘူး” လို့ ပြောပါတယ်။
ဂျာမနီဘက်က စစ်အာဏာရှင်ဆန်ဆန် စရိတ်စကတွေ သုံးစွဲတာကို အကြောင်းပြချက် ပေးနိုင်ဖို့အတွက် တကယ်မရှိတဲ့ ရန်သူပုံရိပ်ကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတဲ့ သတင်းအချက်အလက်ဆိုင်ရာ လှည့်ကွက်တခုပါပဲလို့ ထပ်လောင်း ပြောပါတယ်။
ဂျာမန်အာဏာပိုင်တွေကတော့ ရုရှားဟာ ဒရုန်းနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ပါဝင်တဲ့ ပေါင်းစပ်တိုက်ခိုက်ရေး နည်းဗျူဟာတခုကို လုပ်ဆောင်နေတယ်လို့ အကြိမ်ကြိမ် သတိပေးထားပြီး ဩဂုတ်လအတွင်းက လိုက်ပ်ဇစ်လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ ဒရုန်းနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းမှုအတွက် ရုရှားကို တာဝန်ရှိတယ်လို့ စွပ်စွဲထားပါတယ်။
ဇူလိုင်လတုန်းက ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ချ် မားဇ်က ဂျာမနီဟာ ၄ နှစ်အတွင်း ကာကွယ်ရေးဘတ်ဂျက်ကို ၂ ဆ တိုးမြှင့်ဖို့နဲ့ သဘောတူထားတဲ့ နောက်ဆုံးသတ်မှတ်ရက်ထက် စောပြီး ၂၀၂၉ ခုနှစ်မှာ အဓိကကာကွယ်ရေး လိုအပ်ချက်တွေအတွက် နိုင်ငံရဲ့ စီးပွားရေးထုတ်လုပ်မှု ပမာဏရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းကို သုံးစွဲရမယ်ဆိုတဲ့ NATO ရဲ့ သတ်မှတ်ချက်ဆီ ရောက်ရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
Source: Reuters











