DVB Logo
Home
မြန်မာသတင်း
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားထောင်တွင် ရုံးထုတ်စစ်ဆေး
DVB
·
March 8, 2023
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားထောင်တွင် ရုံးထုတ်စစ်ဆေး
Donate to DVB

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို မတ ၇ ရက်က မြစ်ကြီးနားအကျဥ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

“ဒီတခေါက်ရုံးချိန်းမှာတော့ ၁၇(၁) နဲ့ ၅၀၅(က) ကို တရားခံစစ်တယ်၊ ဆရာ့ကို စစ်တာပေါ့။ ၅၂(က) ကတော့ စွဲချက်မတင်သေးဘူး၊ လျှောက်လဲချက်ပေးထားတယ်” လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါင်နန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် ရုံးချိန်းတုန်းက ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၁၇(၁) နဲ့ ပုဒ်မ ၅၀၅(က) ကို စွဲချက်တင်အမိန့်ချခဲ့ပြီးနောက် ဒီတခေါက်ရုံးချိန်းမှာ ဒေါက်တာခလမ်ဆမ်ဆွန်ကို စတင်စစ်ဆေးမေးမြန်းခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ တက်ရောက်တဲ့ အစည်းအဝေးတခု တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပ‌ဒ ၁၇(၁) နဲ့ တရားစွဲခံခဲ့ရတာပါ။ ၅၀၅(က) အတွက်ကတော့ အာရှဇုန်နယ်လူငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) နဲ့ ထပ်မံတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဖမ်းဆီးခံရတဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ၄ လကျော်အထိ မိသားစုနဲ့ တွေ့ဆုံခွင့် မရသေးပါဘူး။

“ဒါကတော့ ဆရာတယောက်တည်း မဟုတ်ဘူး။ အကျဥ်းထောင်မှာရှိတဲ့သူတိုင်းကို ကိုဗစ်အကြောင်းပြပြီး မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူး” လို့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွမ်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကနေ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က စာတင်ခဲ့ပေမဲ့ အကြောင်းပြန်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သူ့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုထားပြီး နောက်ထပ်ရုံးချိန်းကိုတော့ မတ်လ ၁၄ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၅ ရက်က ဘန်ကောက်မြို့ကို ဆေးကုဖို့အသွား မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ပေမဲ့ ညနေပိုင်း မြစ်ကြီးနားလေဆိပ်မှာ ပြန်လည်ဖမ်းဆီးခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013