DVB Logo
Home
မြန်မာသတင်း
မိုင်းနင်းမိသဖြင့် ဘုတလင်ပြည်သူ ၅ ဦး ဒဏ်ရာရ၊ ခင်ဦးမြို့နယ် ကလုံကျေးရွာကို စစ်တပ်က မီးရှို့
DVB
·
March 8, 2023
မိုင်းနင်းမိသဖြင့် ဘုတလင်ပြည်သူ ၅ ဦး ဒဏ်ရာရ၊ ခင်ဦးမြို့နယ် ကလုံကျေးရွာကို စစ်တပ်က မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ၂ ရက်အတွင်း စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၅ ရက်နဲ့ ၆ ရက်အတွင်း ဘုတလင်မြို့ အနောက်တောင်ခြမ်းရှိ လူသွားလမ်းနဲ့ ကျွဲတဲရွာအနီးမှာ ဒေသခံအမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရခဲ့ကြတာလို့ Myanmar Defence Force တာဝန်ရှိသူက ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ဘုတလင်မြို့ကို PDF တပ်ရင်းတပ်ဖွဲ့တွေက သိမ်းမယ်လို့ ကောလာဟလသတင်းတွေ ပျံ့ကတည်းက စစ်တပ်က နင်းမိုင်းတွေထောင်ထားတာ။ မြို့သိမ်းခံရမှာစိုးလို့ ဖြစ်မယ်။ ဘုတလင်မြို့ အနောက်ခြမ်းရယ်၊ တောင်ခြမ်းရယ်၊ မြောက်ခြမ်းရယ်မှာ နင်းမိုင်းတွေထောင်ထားတော့ ဒေသခံပြည်သူတွေ နင်းမိတာတွေ ရှိတယ်။ မိုင်းတွေရှင်းလင်းဖို့ မဟာမိတ်တွေနဲ့ ပြင်ဆင်နေတာ ရှိတယ်။ လောလောဆယ်တော့ စစ်တပ်က ကင်းပုန်းချထားလို့ အရမ်းသွားလာလှုပ်ရှားလို့ မရသေးဘူးဖြစ်နေတယ်။”

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့တွေက ဘုတလင်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့ပတ်ပတ်လည်မှာ မိုင်းတွေထောင်ထားပြီး ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာတဲ့နေရာမှာ နင်းမိုင်းတွေကို သတိထားကြဖို့ Myanmar Defence Force က မတ် ၇ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်ထားတာရှိသလို ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကလုံကျေးရွာမှာ ညအိပ်တပ်စွဲနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းက မတ် ၇ ရက် မနက် ၇ နာရီလောက်က ရွာရဲ့ အနောက်မြောက်အရပ်ကနေ စတင်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၆ ရက်က ရေဦးမြို့နယ်ကနေ မူးမြစ်ဖြတ်ကူးပြီး ခင်ဦးမြို့နယ်အတွင်းကို ဝင်ရောက်လာတာဖြစ်ပြီး ကလုံကျေးရွာမှာ ညအိပ်တပ်စွဲကာ မနက်ပိုင်းက မီးစရှို့နေတာကို စစ်ဘေးရှောင်ရင်း အဝေးကနေ မြင်နေရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် မုံလှ၊ သာဝတ္ထိ၊ သရက်ကုန်း၊ ရှင်မင်းတွေ၊ ကလုံ၊ ငါးရုံကြီး၊ ရှားတော စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်ရင်း သရက်ကုန်းကျေးရွာက အသက် ၉၀ အရွယ် အဘွားတဦး ရာသီဥတုဒဏ်ကြောင့် အအေးပတ်ပြီး မတ် ၇ ရက်က သေဆုံးသွားခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မတ် ၇ ရက်က တောထဲ စစ်ဘေးရှောင်တွေနေတဲ့ နေရာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် မုံလှရွာက အသက် ၈ နှစ်အရွယ် ကလေးငယ်တဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးပြီး ၂ ဦး ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် နေထိုင်စားသောက်ရေးအပြင် အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013