DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်ရဲစခန်းနှင့် အရာတော်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကလေးမြို့၌ ပျူစောထီး ၁ ဦး ပစ်သတ်ခံရ
DVB
·
March 7, 2023
ဗန်းမောက်ရဲစခန်းနှင့် အရာတော်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကလေးမြို့၌ ပျူစောထီး ၁ ဦး ပစ်သတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ရဲစခန်းကို မတ် ၆ ရက် ညဦးပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းထဲကနေ စစ်သားတွေကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ Banmouk Revolution-BR အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

ဒေသခံအမျိုးသားတဦးက “ပေါက်ကွဲသံလည်း ကြားတယ်၊ သေနတ်ပစ်သံတွေလည်း ကြားတယ်၊ အပြင်တော့ ထွက်မကြည့်ရဲလို့ မကြည့်ဘူး။ ခဏကြာတော့ အသံတိတ်သွားတယ်။ ရဲစခန်းမှာ ဖြစ်တာလို့တော့ သိရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဗန်းမောက်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်‌တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တတ်နိုင်သမျှ အဝေးမှာနေထိုင်ကြပြီး အစစ်အဆေး တင်းကျပ်လာနိုင်တဲ့အတွက် သတိပြု သွားလာနေထိုင်ကြဖို့နဲ့ ဖုန်းလိုင်း အင်တာနက်လိုင်း အခက်အခဲကြောင့် သတင်းမထုတ်ပြန်နိုင်တာဖြစ်တယ်လို့ Banmouk Revolution-BR အဖွဲ့က ထုတ်ပြန် အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ အရာ‌တော်မြို့နယ်မြောက်ခြမ်းက ကျွဲခြံကျေးရွာအနီးမှာလည်း မတ် ၆ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ အရာတော်မြို့ တကရ ၅၀၀၄ တပ်ရင်းကနေ အင်အား ၅၀ နဲ့ ကျွဲခြံကျေးရွာဘက် ထွက်ခွာလာစဉ် အခုလို မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။

အရာတော် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက “သူတို့က PDF စခန်းတခုကို ဝင်စီးတာ။ ဒီဘက်က အဖွဲ့တွေက‌ ကြိုတင်သတင်းရထားတာနဲ့ ဟန်မပျက် စခန်းကိုထားပြီး စခန်းပတ်ပတ်လည် မိုင်းထောင်စောင့်နေတယ်။ သူတို့လာတော့ ကျ‌နော်တို့အဖွဲ့တွေဘက်က အသင့်ထောင်ထားတဲ့ ဆယ်ဝင်ပုံးတလုံးနဲ့ စလစ် ၃ လုံးတွဲထားတဲ့ ပဒေသာမိုင်းတလုံး ဖောက်ခွဲနိုင်ခဲ့ပြီး နောက်ထပ် နင်းမိုင်းတလုံးလည်း မိသွားတယ်ဗျ။ (--)အသေကတော့ နေရာတင် တကောင်သေပြီး ၂ ကောင်ကတော့ ထမ်းစဉ်နဲ့ထမ်းပြီး အရာတော်ဆေးရုံကိုပို့တာ မြင်လိုက်ရသူတွေရှိတယ်။ ဒီကောင်တွေ ထပ်ပြီး နောင်ကြီးအိုင်ဘက် ဆက်ပြီး စစ်‌ကြောင်းထိုးတယ်။ အဲဘက်က အဖွဲ့တွေကလည်း မိုင်းဆွဲတာတွေရှိတယ်။ အသေအပျောက်ကတော့ အခုထိ သတင်းမရသေးဘူး” လို့ ပြောပါတယ်။

ကျွဲခြံကျေးရွာအနီး မိုင်းဆွဲခဲ့တာကို ဒေသခံအဖွဲ့၊ အရာတော်တပ်ရင်း-၁၈၊ တိုက်နယ် ၄ က ပကဖအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့အနောက်ပိုင်း၊ တောင်ဇလပ်ရပ်ကွက် စမ်းမြို့ဘုန်းကြီးကျောင်းအနီး ဗိုလ်ချုပ်လမ်းမပေါ်မှာ ပျူစောထီး လူငယ်တယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ အနီးဝန်းကျင်နေ ဒေသခံတွေက ပြောပါတယ်။

မတ် ၅ ရက်က ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသွားတဲ့လူငယ်ရဲ့ခေါင်းမှာ သေနတ်ဒဏ်ရာ ရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရတဲ့လူငယ်ဟာ ပျဉ်သာရွာက ပျူစောထီးခေါင်းဆောင် ချမ်းမြေ့အောင်ဖြစ်ပြီး ဖမ်းဆီးထားချိန်မှာ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံတာကြောင့် လုပ်ဆောင်ခဲ့ရတာလို့ အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ ‌UGF Kalay အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ပျဉ်သာရွာက ကလေးမြို့အရှေ့ဘက်က ပျူစောထီးကျေးရွာပါ။ သူ့ကို စောင့်ကြည့်နေတာ ၇ လလောက်ရှိပါပြီ။ ဇန်နဝါရီလတုန်းက သူ့တပည့်တယောက်ကို အရင် ဖမ်းမိခဲ့တာပါ။ ဖရဲသီးရဲ့ သတင်း‌ပေးချက်အရ သူ့ကို ကျနော်တို့အဖွဲ့က ဖဲဝိုင်းမှာ ဖမ်းမိခဲ့တာပါ။ သူ့ကို ဖမ်းပြီး စစ်ဆေးမေးမြန်းနေချိန် သူက ခုခံလို့ ရှင်းလင်းခဲ့ရတာ။”

သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို တာဟန်းမီဇိုးလူငယ်အသင်းက ကလေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ၄၈ နာရီအတွင်း အလောင်းပိုင်ရှင် မတွေ့ပါက ဆေးရုံက သင်္ဂြိုဟ်ပေးမယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မတ် ၄ ရက်ကလည်း တာဟန်းရပ်ကွက်၊ ဝယ်စလီဆေးရုံ အနောက်ဘက်လမ်းမှာ အသက် ၂၅ နှစ်အရွယ် လူငယ်တယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ပစ်သတ်ခဲ့ပါသေးတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013