DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ရေနံချောင်းရဲစခန်း တိုက်ခိုက်ခံရ၊ ပေါက်မြို့နယ် ကင်းမရွာကို စစ်တပ်က လေးကြိမ်မြောက်မီးရှို့
DVB
·
March 7, 2023
ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ရေနံချောင်းရဲစခန်း တိုက်ခိုက်ခံရ၊ ပေါက်မြို့နယ် ကင်းမရွာကို စစ်တပ်က လေးကြိမ်မြောက်မီးရှို့
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ မတ် ၆ ရက် မနက်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ-Black Tiger တပ်ဖွဲ့ကနေ သိရပါတယ်။

MBT တာဝန်ခံ ဗိုလ်မိုက်ခဲက “ရေစကြိုမြို့ အမှတ် ၁ ထင်းတန်းရပ်ကွက် မီးပွိုင့်လမ်းဆုံမှာ ကျနော်တို့တပ်ဖွဲ့က လုံခြုံရေးယူနေချိန်မှာ ဌာနဆိုင်ရာ ရုံးပေါင်းစုံနဲ့ ရေစကြိုဆေးရုံကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက် စစ်ကြောင်း ၃ ကြောင်းခွဲပြီး နယ်ကျွံလာလို့ မတ်လ ၆ ရက်နေ့ မနက် ၁၁ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်မှာ မတ် ၄ ရက် မွန်းလွဲပိုင်းကလည်း ပခန်းငယ်ရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၃ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ရေနံချောင်းမြို့မရဲစခန်းကို မတ် ၅ ရက် ညက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေနံချောင်းဖေကံကောင်း တပ်ဖွဲ့ကနေ သိရပါတယ်။

ည ၈ နာရီ ၁၅ မိနစ်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အဝေးထိန်းမိုင်းနဲ့ အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့တာလို့ ရေနံချောင်းဖေကံကောင်းတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုဖက်တီးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲတွေ ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ရေနံချောင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက် ညကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၃ ယောက်လောက် သေဆုံးနိုင်တယ်လို့ ရေနံချောင်းဖေကံကောင်း တပ်ဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာတော့ ကင်းမရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ၄ ကြိမ် မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ပေါက်မြို့နယ်မြောက်ပိုင်း ကမ်းပါးဖြူကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ်လ ၂ ရက် မနက် ၁၀ နာရီလောက်မှာ ပကစ ၂၄၊ တပ်မ ၁၀၁ က စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အင်အား ၁၅၀ ဝန်းကျင်ဟာ ကင်းမရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၄ လုံး မီးလောင်ခဲ့တာဖြစ်ပါတယ်။

ကမ်းပါးဖြူကျေးရွာကိုလည်း အဲဒီစစ်ကြောင်းကပဲ အင်အား ၈၀ ကျော်နဲ့ မတ်လ ၆ ရက်မှာ ထပ်မံမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၁ လုံးအပြင် ဆိုင်ကယ် ၅ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Successful Force- Pauk မှ တာဝန်ရှိသူက  “တောင်ပိုင်းကနေ ပေါက်မြို့ထဲဝင်လာပြီး မြောက်ပိုင်းကရွာကို မီးရှို့တာ။ ကင်းမက မြန်မာတနိုင်ငံလုံးမှာ ပထမဆုံး မီးရှို့ခံရတာ၊ အခုနဲ့ဆို ၄ ကြိမ်ရှိပြီပေါ့။ ကမ်းပါးဖြူရွာကတော့ ပေါက်မြို့နဲ့နီးတယ်၊ ၃ မိနစ်လောက်ပဲ သွားရတာ။ အိမ်​ခြေလည်း နည်းတယ်။ ရွာသားတွေကတော့ နီးစပ်ရာတွေမှာ ပြေးနေရတာပေါ့” လို့ ပြောပါတယ်။

ကမ်းပါးဖြူကျေးရွာမှာ နေအိမ် ၁၆ လုံးသာရှိပြီး အခုလို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးလောင်ခဲ့တဲ့အပြင် ကျေးရွာက ဒေသခံ ၅၀ ကျော် ဘေးလွတ်ရာကို ထွ​က်ပြေးတိမ်းရှောင်နေရပါတယ်။

ကင်းမရွာမှာ နေအိမ်ပေါင်း ၂၅၆ လုံးရှိပြီး စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ပထမအကြိမ်မှာ နေအိမ် ၁၅၃ လုံး၊ ဒုတိယအကြိမ်မှာ ဘုန်းကြီးကျောင်းက အလှူပစ္စည်းတွေ မီးရှို့ခံရပြီး၊ တတိယအကြိမ်မှာ နေအိမ် ၂၁ လုံး မီးလောင်ခဲ့တဲ့အပြင် အခုအချိန်မှာလည်း နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့တာကြောင့် ဒေသခံပြည်သူ ၁,၀၀၀ ကျော်ဟာ တောထဲမှာ တဲထိုးပြီး နေနေကြရတာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းမထုတ်ပြန်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013