DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အတိုးနှုန်းကြီးကြီးဖြင့် ငွေချေးပြီး ပြန်မဆပ်ပါက အုပ်စုဖွဲ့ရိုက်နှက်
DVB
·
March 7, 2023
ရန်ကုန်တွင် အတိုးနှုန်းကြီးကြီးဖြင့် ငွေချေးပြီး ပြန်မဆပ်ပါက အုပ်စုဖွဲ့ရိုက်နှက်
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်တွေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း  အတိုးနှုန်းကြီးကြီးနဲ့ တရားမဝင် ချေးငွေလုပ်ငန်းတွေ ပေါများလာပြီး ငွေချေးပြီး ပြန်မဆပ်သူတွေကို  ငွေရှင်ရဲ့လက်ပါးစေတွေက အုပ်စုဖွဲ့ရိုက်နှက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ချေးငွေအဖွဲ့တွေဟာ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ ကျောက်ရေတွင်း၊ တံတားကြီး၊ ပုရွက်ဆိပ်ကုန်း စတဲ့ရပ်ကွက်တွေမှာ ငွေကောက်ဝန်ထမ်း ၂ ဦးစီ လစာပေးခန့်ထားပြီး အတိုး ၃၅ ရာခိုင်နှုန်းနဲ့ ငွေထုတ်ချေးနေတာဖြစ်ပါတယ်။

ရပ်ကွက်နေသူတဦးက “၂၀၂၂၊ ၈ လပိုင်းလောက်က ဒီရပ်ကွက်ကို စရောက်လာတာ။ ရောက်ခါစက အတိုးကများပေမဲ့ လူတွေကလည်း အလုပ်ကရှား၊ ဈေးရောင်းက သိပ်မမြတ်ကြနဲ့ လိုလို့ဆိုပြီး ချေးကြတာ။ တသိန်းချေးရင် ရှစ်သောင်းခွဲပဲ ရတယ်။ ပြန်ဆပ်ရင် ၁၂၀,၀၀၀ ဆပ်ရတယ်။ A4 အဖြူပေါ်မှာ လက်ဗွေနှိပ်ရတယ်၊ ဘာစာမှတော့ မရေးထားဘူး။ ပြီးရင် ချေးထားတဲ့ပိုက်ဆံကိုင်ပြီး ဓာတ်ပုံရိုက်တယ်။ နေ့တိုင်း ပေးရတာ၊ ၁ ရက်နေ့ ရက်ပြည့်ရင် အဲ့နေ့ ၁၂ နာရီမထိုးခင် ပေးရတယ်။ ကျော်တာနဲ့ အုပ်စုလိုက်လာ တောင်းတာ၊ ညနေအထိကို မရဘူး။ မပေးရင် ဆဲတယ်၊ ရက်ကျော်တာနဲ့ ဒဏ်ကြေးဆိုပြီး တသောင်းခွဲ ထပ်ပေးရတယ်” လို့ ပြောပါတယ်။

အခုလိုလုပ်နေတာကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေ တားဆီးမှုမရှိတဲ့အပြင် အတိုးနှုန်း မြင့်မားမှုတွေကြောင့် ငွေပြန်မဆပ်နိုင်သူတွေရှိနေပြီး ရှာတွေ့ပါက အုပ်စုဖွဲ့ ရိုက်နှက်တာတွေ ဖေဖော်ဝါရီနဲ့ မတ်လမှာ ၃ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ ‌ငွေချေးအဖွဲ့ပိုင်ရှင်သူဌေး အမျိုးသမီးဟာ မြောက်ဥက္ကလာပမှာပဲနေတာ ဖြစ်ပြီး စစ်ကောင်စီက ရဲဗလတံဆိပ်ပေးထားတဲ့ သေနတ်ကိုင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး စိုးစိုး (သေဆုံး) အပါအဝင် စစ်ကောင်စီအရာရှိ‌တွေနဲ့ ရင်းနှီးသူဖြစ်တာကြောင့် အကြွေးပြန်မပေးသူတွေကို စစ်တပ်နဲ့ အမြဲခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

တံတားကြီးရပ်ကွက်နေသူတဦးက “တုတ်ဓားအဖွဲ့လို့ တခြားရပ်ကွက်တွေက ခေါ်တယ်။ ပြန်မပေးရင် အိမ်ကရှိတာ သိမ်းတယ်။ အဲ့နေ့ အတိုးမပေးသေးရင် ရေဇလားကအစ ယူသွားတာ။ ရပ်ကွက်တွေမှာ အသင်းတွေ ၂ သင်း ၃ သင်းဆိုပေမဲ့ ပိုင်ရှင်က မဖြူ ဆိုတဲ့ အမျိုးသမီးက ပိုင်တာပဲ။ အသက် ၄၅ လောက်ရှိမယ်၊ ဌ မှာနေတာ။ သူတို့ဆီက ငွေချေးရင် မေယု ၃ လမ်းက အိမ်နဲ့ အနန်းပင်ဈေးနားက အိမ်မှာ ထုတ်ပေးတယ်။ ငါးသောင်းယူရင် စာရွက်စာတမ်းကြေးလို့ ‌ဆိုပြီး လေးသောင်းကျော်ပဲရတယ်။ ပြန်ဆပ်ရင် ခြောက်သောင်းဆပ်ရတယ်။ ဒီပုရွက်ဆိပ်ကုန်းမှာဆို ထမင်းဆိုင်က အန်တီကြီး ခေါင်းအရိုက်ခံရတယ်။ သူတို့က တခုခုဖြစ်ရင် ဖုန်းဆက်ပြီး သူတို့လူတွေကို ခေါ်တာ။ သူတို့ပေးကျွေးထားတဲ့ လူမိုက်တွေ တံတားကြီးနဲ့ ဌ ကလူတွေ ဆိုင်ကယ်နဲ့ အုပ်လိုက်ရောက်လာတာပဲ။ ဖြစ်ချင်တာဖြစ် ကြိုက်တဲ့နေရာ ရှင်းမယ်ဆိုပြီးတော့ ပြောတာ၊ အုပ်ကြီးလည်း မနိုင်ဘူး” လို့ ပြောပါတယ်။

တုတ်ဓား‌အမည်ရ ငွေချေးအဖွဲ့ဟာ ဥက္ကလာပဘူတာ၊ ရွှေပဒေသာ သမဝါယဆိုင်ခန်းတွဲမှာ အထည်ဆိုင် အမည်ခံဖွင့်ပြီး ချေးငွေထုတ်ပေးတာ၊ ပြန်သိမ်းတာတွေနဲ့ အကြွေးပြန်မဆပ်ပါက လူမိုက်အဖွဲ့နဲ့ ရိုက်နှက်တာတွေ ‌လုပ်ဆောင်နေတဲ့အပြင် ပုရွက်ဆိပ်ကုန်းရပ်ကွက်မှာ လူသတ်မှုကြောင့် နှစ်ရှည်ထောင်ဒဏ်ကျနေပြီး စစ်ကောင်စီလွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ အမျိုးသား ၂ ဦးကို လစာပေး၊  အကြွေးတောင်းခိုင်းနေတယ်လို့ သိရပါတယ်။

အဆိုပါ ငွေချေးလုပ်ငန်းတွေနဲ့ အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်စဉ်တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးနဲ့ မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013