
ဂျာမနီနိုင်ငံ အရှေ့ပိုင်း Saxony-Anhalt ပြည်နယ်ရွေးကောက်ပွဲမှာ လက်ယာစွန်း Alternative for Germany (AfD) ပါတီက မဲ ၄၃ ဒသမ ၈ ရာခိုင်နှုန်းရပြီး ပြိုင်ဘက်တွေကို အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
အဓိကပြိုင်ဘက် ခရစ်ယာန်ဒီမိုကရက် (CDU) ပါတီကတော့ မဲ ၁၇ ဒသမ ၂ ရာခိုင်နှုန်းပဲရပြီး အရင်ရွေးကောက်ပွဲထက် ထောက်ခံမှု ထက်ဝက်ကျော် လျော့ကျသွားပါတယ်။
AfD က လွှတ်တော်အမတ်နေရာ ၈၃ နေရာထဲက ၃၉ နေရာ ရခဲ့ပေမဲ့ တပါတီတည်း အစိုးရဖွဲ့ဖို့လိုတဲ့ ၄၂ နေရာကိုတော့ မပြည့်ခဲ့ပါဘူး။
ပြည်နယ် AfD ခေါင်းဆောင် အူလ်းရစ်ချ် ဇီးဂ်မွန့်က ဒီရလဒ်ဟာ “အံ့မခန်း” ဖြစ်ပြီး သူတို့ပါတီ အစိုးရဖွဲ့ခွင့်ရသင့်တယ်လို့ ဆိုပါတယ်။
သူက “ဒါဟာ Saxony-Anhalt တခုတည်းအတွက် မဟုတ်ပါဘူး။ ဂျာမနီတနိုင်ငံလုံးအတွက် အချက်ပေးသံပါ” လို့ ထောက်ခံသူတွေကို ပြောပါတယ်။
ဒါပေမဲ့ တခြားအဓိကပါတီတွေက AfD နဲ့ ပူးပေါင်းအစိုးရဖွဲ့ဖို့ ငြင်းထားတာကြောင့် အစိုးရသစ် ဘယ်လိုဖွဲ့မလဲဆိုတာ မရှင်းသေးပါဘူး။
AfD ဟာ ၂၀၂၄ ခုနှစ် Thuringia ပြည်နယ်ရွေးကောက်ပွဲမှာလည်း ပထမနေရာရခဲ့ပေမဲ့ တခြားပါတီတွေ ပူးပေါင်းပြီး အစိုးရဖွဲ့ခဲ့တာကြောင့် အာဏာမရခဲ့ပါဘူး။
Saxony-Anhalt က AfD ကို ဂျာမနီပြည်တွင်းထောက်လှမ်းရေးက “လက်ယာစွန်း အစွန်းရောက်” အဖွဲ့အဖြစ် သတ်မှတ်ထားပေမဲ့ ပါတီကတော့ ဒီသတ်မှတ်ချက်ကို ပယ်ချထားပါတယ်။
ဒီတကြိမ် AfD သာ ပြည်နယ်အစိုးရကို ဦးဆောင်နိုင်ခဲ့ရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျာမနီမှာ ပထမဆုံး လက်ယာစွန်းပါတီဦးဆောင်တဲ့ ပြည်နယ်အစိုးရ ဖြစ်လာမှာပါ။











