DVB Logo
Home
မြန်မာသတင်း
၂ နှစ်အတွင်း ချင်းလူမျိုး ၃၈၀ ကျော် သတ်ဖြတ်ခံရ၊ စစ်ရှောင် ၉၀,၀၀၀ ရှိပြီး အိုးအိမ် ၄,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
DVB
·
March 6, 2023
၂ နှစ်အတွင်း ချင်းလူမျိုး ၃၈၀ ကျော် သတ်ဖြတ်ခံရ၊ စစ်ရှောင် ၉၀,၀၀၀ ရှိပြီး အိုးအိမ် ၄,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
Donate to DVB

စစ်အာဏာသိမ်းမှု ၂ နှစ်အတွင်း ချင်းအမျိုးသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကြောင့် ချင်းလူမျိုး ၃၈၁ ဦးအထိ သေဆုံးပြီး နေအိမ်ဖျက်ဆီးခံရမှု ၄,၃၀၀ ကျော် ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် - Institute of Chin Affairs (ICA) က မတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မတရား ဖမ်းဆီးခံထားရသူပေါင်းကလည်း ၉၀၀ နီးပါးနဲ့ တိုက်ပွဲပေါင်း အကြိမ် ၆၀၀ လောက်ရှိကာ စစ်ဘေးရှောင်နေရတဲ့ ချင်းလူမျိုး ၉၀,၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အင်အားသုံး အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက် ၂ နှစ်တာကာလအတွင်း ချင်းအမျိုးသားတော်လှန်ရေး တပ်တွေက ၂၃၇ ဦး၊ အပြစ်မဲ့ပြည်သူ ၁၂၆ ဦးနဲ့ ခရစ်ယာန်ဆရာတော် ၄ ပါး အပါအဝင် စုစုပေါင်း ချင်းလူမျိုး ၃၈၁ ဦးအထိ သေဆုံးခဲ့ပါတယ်။

အဲဒီအထဲမှာ ဆန္ဒပြနေစဥ် သတ်ဖြတ်မှုကြောင့် ၁၃ ဦး သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် အပါအဝင် အမျိုးသမီး ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ရုံသာမက အသက်ကိုပါ သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားတွေ နေထိုင်တဲ့ ဒေသတွေမှာ အဆောက်အဦနဲ့ လူနေအိမ် ၄,၃၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဘုရားကျောင်း ၁၈ ကျောင်းလည်း ပါဝင်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် အကြောင်းအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးတပ်ကာ သက်သေအထောက်အထား မခိုင်လုံဘဲ ချင်းအမျိုးသား ၉၀၀ နီးပါး မတရား ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ နှိပ်စက်မှုတွေကြောင့် လုံခြုံဘေးကင်းရာဒေသကို စစ်ဘေးရှောင်နေကြရတဲ့ ချင်းအမျိုးသား ၉၀,၀၀၀ နီးပါး ရှိပါတယ်။ 

အဲဒီအထဲက ၄၀,၀၀၀ ကျော်မှာ မီဇိုရမ်ပြည်နယ်၊ ၁၅,၀၀၀ ကျော်မှာ မဏိပူရ်ပြည်နယ်၊ ၁၀,၀၀၀ ကျော်ဟာ နယူးဒေလီနဲ့ အိန္ဒိယနိုင်ငံရှိ တခြားပြည်နယ်အသီးသီးကို တိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။

၂ နှစ်ကျော်အတွင်း ချင်းအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း အကြိမ် ၆၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၈ ကြမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ICA Deputy Director - Salai Van Sui San က “ကျနော်တို့ လူနည်းစု တိုင်းရင်းသားတွေက ခုလို ဖိနှိပ်ခံရတာက ခုမှမဟုတ်ဘူး။ ဒါပေမဲ့ ခုလိုမျိုး ဆိုးဆိုးရွားရွားဖြစ်တာက ဒီနွေဦးတော်လှန်ရေးက အဆိုးဆုံးဖြစ်ပါတယ်။ ချင်းပြည်နယ်မှာသာမက တနိုင်ငံလုံးမှာ ခံစားနေရတဲ့အရာကို ကမ္ဘာက ခုထက်ပိုသိဖို့ လိုအပ်ပါတယ်။ ပြီးတော့ ပြည်သူတွေအနေနဲ့ စိတ်မလျှော့ပဲ တောင့်ခံနိုင်သမျှ တောင့်ခံပြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ပါစေလို့ တောင်းဆုပြုအပ်ပါတယ်” လို့ ပြောပါတယ်။

လူဦးရေ ၅ သိန်းမျှသာရှိတဲ့ ချင်းလူမျိုးအများစု နေထိုင်တဲ့ ချင်းပြည်နယ်အတွင်း အခုလို သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေဟာ ရာခိုင်နှုန်းအားဖြင့် အလွန်ပင် များပြားလှကြောင်း၊ စစ်ကောင်စီတပ်တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ထိုက်တန်တဲ့ပြစ်ဒဏ်နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းတွေက ထိရောက်တဲ့ အရေးယူမှုတွေကို အမြန်ဆုံး လုပ်ဆောင်သင့်ပါကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013