DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် ဆန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
March 6, 2023
ကရင်နီပြည်နယ်တွင် ဆန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသဖြင့် ဒေသခံများ အခက်ကြုံ
1 / 8
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်တွင်း ဆန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အတွက် ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်တွေနဲ့  ကူညီကယ်ဆယ်အရေးအဖွဲ့တွေ အခက်အခဲ ကြုံတွေ့နေကြပါတယ်။

တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပြီး မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကရင်နီ(ကယား)ပြည်နယ်နဲ့  ရှမ်းပြည်နယ်၊ ဖယ်ခုံဒေသမှာ ဒေသခံတွေ လယ်ယာစိုက်ပျိုးရေး မလုပ်နိုင်တော့သလို လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရလို့ အခုလဆန်းပိုင်းလောက်ကစပြီး ဆန်ဈေးတွေ အဆမတန် မြင့်တက်နေတာ ဖြစ်ပါတယ်။

သာမန် လက်လုပ်လက်စားတွေ ဝယ်ယူစားသုံးနိုင်တဲ့ ပုလဲသွယ်နဲ့ ရွှေအဆန်လို ဆန်တွေဟာ ဖေဖော်ဝါရီလကုန်ပိုင်းက တအိတ်ကို ၆၀,၀၀၀ ကနေ အခုမှာတော့ ၇၀,၀၀၀ ကျော်အထိ တက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ မတက်သေးဘူးဗျာ။ ဒီလ ၃ ရက်နေ့လောက်မှာ စတက်တာ။ တသောင်းလောက် ခုန်တက်သွားတာပေါ့နော်။ ကျနော်တို့ ရွှေအဆန်တွေဆို အရင်က ၆၁,၀၀၀ လောက်ရတဲ့ဟာကို အခု ၇၀,၀၀၀ ကျော်ပြီ။ ကျနော်တို့ သာမန်လူတွေ စားနိုင်တဲ့ဆန်ဆိုရင် အရင် တနှစ်က ၃၀,၀၀၀၊ ဒီတနှစ်မှာ ၅၀,၀၀၀၊ ၆၀,၀၀၀ ရှိတယ်။ ဒါပေမဲ့ အခုက ၇၀,၀၀၀ ကျော်သွားပြီပေါ့နော်။ ဒါက ဆန်စိုက်တဲ့သူတွေဆီကနေမှကို ၇၀,၀၀၀ ဖြစ်နေပြီဗျာ။”

ဒီလို ဒေသထွက်ဆန်ဈေးနှုန်း မြင့်ရတာဟာ ဒေသတွင်း လယ်ယာမြေတွေ မလုပ်နိုင်တော့တာရယ်၊ တခြား ပြည်မကနေ ကရင်နီ(ကယား)ပြည်နယ်ထဲကို ဝင်လာမယ့် လမ်းကြောင်းတွေ ပိတ်ကုန်တာကြောင့် ဖြစ်တယ်လို့ ဒီးမော့ဆို အနောက်ခြမ်းကို ကူညီနေတဲ့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဒေသဆန်က ပါးသွားတာက အရင်က ကျွန်းတောတို့၊ ဒီးမော့ဆိုတို့က လုပ်နိုင်တယ်ကော၊ ဒီနှစ်က အဲဒီဘက် လုံးဝမလုပ်နိုင်တော့ ဒေသဆန်က ဒီ မိုးဗြဲအနီးအနားတဝိုက်ပဲ လုပ်နိုင်တယ်။ ပြီးတော့ ပုလဲသွယ်တို့ အရင်က ဒီးမော့ဆိုအုပ်စုလုပ်တာ များတယ်လေ။ အခုမလုပ်နိုင်တော့ အဲဒါကြောင့် ဒေသဆန်က ပါးသွားသလို ဈေးလည်းတက်တယ်။ ပြီးတော့ ဟိုးပြည်မကနေ လာတဲ့ဆန်ကတော့ တောင်ငူဘက်လည်း လမ်းပိတ်နေပြီ။ ဒီ ပင်လောင်းဘက်ကလည်း ဆောင်းပြောင်းဘက်မှာ တိုက်ပွဲဖြစ်တော့ လမ်းကြောင်းပိတ်တာ ကြာပြီ။ အဲဒီမှာ မိုးဗြဲကလူတွေ ပြည်မကနေ ဆန်မှာတာ တလ နှစ်လလောက်ရှိပြီ၊ မရောက်နိုင်သေးဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဆန်က အလိုလိုနဲ့ တရက်တရက် ဈေးခုန်တက်လာတော့ ဒေသဆန်ရော ပြည်မဆန်ကော အကုန်လုံး ဈေးတက်လိုက်ပြီ။”

ဒီလို ဆန်ဈေးတွေ အဆမတန်တက်နေပေမဲ့ ငွေရှိရင်တောင် ဆန်က ရှာမရတော့တဲ့ အနေအထားမှာ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် တချို့ ဒေသခံနဲ့ စစ်ရှောင်တွေဟာ ဆန်ရှားပါးမှုနဲ့ အလှူရှင်လျော့ပါးလာမှုကြောင့် ဆန်ပြုတ်ပဲ ပြုတ်စားရတဲ့ အခြေအနေရှိသလို တချို့ကတော့ ဆန်နဲ့ပြောင်းကို ရောစားရတဲ့ အနေအထားမှာ ရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“ဒေသခံအတွက်တော့ အခုက စစ်ရှောင်က တချို့ဒေသမှာ ဆန်တွေ ထမင်းတွေ မစားနိုင်တော့ ဆန်ပြုတ်ပဲ ပြုတ်စားတာရှိတယ်။ ပြီးတော့ ဒီမှာလည်း နေရာတိုင်းလိုလိုက အဓိက လိုအပ်ချက်က ဆန်ဖြစ်နေတာပေါ့။ အခုက ဝယ်စားဖို့ ပိုက်ဆံရှိရင်တောင် ဆန်က မရှိတဲ့ အနေအထားမျိုး ရှိတယ်နော်။ နောက် စစ်ရှောင်ဆိုရင်လည်း ဘာဝင်ငွေမှ မရှိဘူးလေ။ အဲမှာ အခက်အခဲ ပိုပြီးတော့ရှိတာပေါ့နော်။ အများကြီးခက်ခဲတာပေါ့နော်။ ပိုက်ဆံရှိလို့ ကိုယ့်ဒေသဆန် ဝယ်စားမယ် ဆိုရင်လည်း အကုန်အကျက များ၊ ကြာလာရင် လမ်းမဖွင့်ရင်တော့ ဒီက ပိုခက်ခဲကုန်ကြမှာပေါ့။”

ကရင်နီ(ကယား)ပြည်နယ်မှာ လယ်ယာစိုက်ပျိုးမှု အများဆုံးဟာ မိုးဗြဲဒေသတဝိုက်နဲ့ ဒီးမော့ဆိုမြို့နယ်တွေဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေဟာ လယ်ယာမလုပ်ရဲတော့တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် မိမိရှိတဲ့လယ်မှာ စိုက်ပျိုးမယ်ဆိုရင်လည်း လူအများနဲ့စိုက်တဲ့အခါ လေယာဉ် ဝဲပျံလာတဲ့အတွက် ဒေသခံတွေက လယ်တွေ မစိုက်ရဲတော့တဲ့ အခြေအနေ ရှိတယ်လို့ ဖယ်ခုံမြို့နယ်ဘက်က စစ်ရှောင်ကူညီသူက ပြောပါတယ်။

“ပိုက်ဆံရှိရင်တောင် ဆန် ဘယ်မှာသွားဝယ်ရမှန်း မသိဘူး။ စိုက်ရင်လည်း လယ်ကွင်းထဲမှာ လူနည်းနည်းများရင်လည်း လေယာဉ်က လက်နက်ကြီးတွေ ဘာတွေနဲ့ ပစ်လို့ အဲဘက်မှာ ဘယ်သူမှ မသွားရဲကြတော့ဘူး။”

လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က လယ်စိုက်တောင်သူတွေဆီမှာ အခုလဆန်းပိုင်းကစပြီး ဆန်ဈေးတွေ အဆမတန် မြင့်တက်တာဖြစ်ပေမဲ့ လွန်ခဲ့တဲ့ ၂ လ ၃ လ လောက်ကတည်းက လမ်းကြောင်းတွေ ပိတ်ထားခံရတဲ့ ဘော်လခဲ၊ ဖားဆောင်းမြို့နယ်ဘက်မှာတော့ သာမန်လူတွေ စားနိုင်တဲ့ ဆန်တအိတ်ကို ၁၂၀,၀၀၀ အနည်းဆုံးရှိနေတယ်လို့လည်း ဖားဆောင်းမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“ဆန်အမာတွေက ၁၂၀,၀၀၀ ဈေးရှိတယ်။ ဆန်ပျော့တွေကတော့ တသိန်းခွဲလောက်ရှိတယ်။ လမ်းကြောင်းတွေ ပိတ်ကတည်းက ဆန်ဈေးက တောက်လျှောက်ကိုတက်နေတာ။”

တောင်ငူကနေ လွိုင်ကော်ဘက်၊ ပင်လောင်းဘက်ကနေ လွိုင်ကော်ဘက်ကိုတော့ စစ်ကောင်စီတပ်တွေက လမ်းကြောင်းတွေ ပိတ်ဆို့ထားပြီး လွိုင်ကော်ကနေ ဘောလခဲသွားတဲ့ လမ်းကြောင်းဘက်ကို‌တော့ ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းတွေ ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ လူဦးရေ ၃ သိန်းခန့်သာရှိပြီး စစ်ဘေးရှောင်သူ ၂ သိန်းနီးပါးရှိနေပါတယ်။ ဒီစစ်ဘေးရှောင်သူတွေအတွက် လက်ရှိမှာတော့ စားနပ်ရိက္ခာနဲ့ ရေအကူအညီတွေ အရေးပေါ် လိုအပ်နေကြောင်းလည်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်ရေးပြင်းထန်နေတဲ့ မြို့နယ် ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာ​လိုက်တာမှာ ကရင်နီ(ကယား)ပြည်နယ်က ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှားတောမြို့နယ်တို့လည်း ပါဝင်တာဖြစ်ပြီး စစ်ကောင်စီတပ်တွေက ဖြတ်လေးဖြတ်စနစ်ကျင့်သုံးပြီး တော်လှန်ရေးအဖွဲ့တွေကိုရော ပြည်သူတွေကိုပါ ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013