ထိုင်း-မြန်မာနယ်စပ်၊ ရေး-ဘုရားသုံးဆူ နယ်မြေဘက်မှာ မတ် ၅ ရက် တပေါင်းလပြည့်နေ့ ညနေ ၄ နာရီလောက်က တောင်အိုဘုရားထီးတင်ပူဇော်ပွဲကနေ ပြန်လာတဲ့ ဘုရားဖူးယာဥ် တစီး တိမ်းမှောက်ခဲ့တဲ့ ခရီးသည် ၂၀ ကျော်လောက် ဒဏ်ရာလို့ ဆေးရုံကိုပို့လိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ယာဥ်တိမ်းမှောက်ခဲ့ရာမှာ ဘုရားဖူး ၁၈ ယောက်လောက် ရေးမြို့ပြည်သူ့ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကိုတော့ ဒီမနက်အထိ ၅ ယောက် အရေးပေါ် ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။
ဘုရားဖူးခရီးသည်တွေထဲကတဦးက “ဘုရားထီးတင်ပွဲကနေ အပြန်မှာ တောင်တက်လမ်းကနေ ကားတစီးက အရင်ပျက်လို့ ကားပေါ်က ဘုရားဖူးတွေကို နောက်ကားတစီးက ကူညီတင်ဆောင်လာရာမှာ လူကများပြီး တောင်ဆင်းလမ်း ဖြစ်တဲ့အတွက် အရှိန်မထိန်းနိုင်ဘဲ ယာဥ်တိမ်းမှောက်ခဲ့တာ” လို့ ပြောပါတယ်။
ဘုရားဖူးကားက ဝယ်ပေါင်ကျေးရွာကကားဖြစ်ပြီး ရေးကွမ်ဒူကျေးရွာက ဘုရားဖူး ၁၁ ယောက်လည်း ထိခိုက်ဒဏ်ရာရကြပြီး ရေး အနမ်းပုန်း ကျေးရွာဘက်က ဘုရားဖူးတွေ ဖြစ်ကြပါတယ်။
စစ်အုပ်ချုပ်ရေး သတ်မှတ်ထားခံရတဲ့ ရေးမြို့နယ်မှာ တပေါင်းလပြည့်နေ့က ဘာသာရေးအခမ်းအနား၊ လူမှုရေးအခမ်းအနားတွေနဲ့ စည်ကားနေပေမဲ့ အရင်နှစ်တွေကလိုတော့ အသွားအလာ သိပ်မရှိကြဘူးလို့ ဒေသခံတွေထံက သိရပါတယ်။