DVB Logo
Home
Lead Story
သာလွန်အင်အား
DVB
·
March 6, 2023
သာလွန်အင်အား
Donate to DVB

(က)

တောင်ကျောင်းသို့ ရောက်ကြပြန်၏။ အဘစောမူးသာ၊ စစ်ပြန်ကြီးအဘလုံးတုံးတို့ ဆွမ်းချိုင့်ပို့တာ ‘လိုက်ခဲ့အုံးဟ ဖေကြီးရ’ ဟု ခေါ်ပြန်သဖြင့် စိတ်ထဲတထင့်ထင့်နှင့် လိုက်ခဲ့ရပြန်ပါ၏။ ဒီကနေ့တော့ သူတို့ငယ်ပေါင်း တောင်ကျောင်းကိုယ်တော်နှင့် သင့်မြတ်ကြပါစေဟုသာ ဆုတောင်းလာခဲ့ရပါ၏။

ကျောင်းကို လှမ်းမြင်ရတော့ နဂိုအုတ်တံတိုင်းအစိမ်းရင့်ရင့်ကြီးက အရောင်ခပ်ဖျော့ဖျော့ ပြောင်းနေတာ မြင်ရပါလေ၏။ ပြင်ပရာသီဥတုအပူဒဏ်က ပိုမိုပြင်းထန်လာသည့်အတွက် အစိမ်းရင့်ရင့်လည်း ဖျော့ဖျော့သာ စိမ်းနိုင်တော့ပြီထင့်။ ဒါသည်လည်း သင်္ခါရတွေထဲက တခုပေပဲဟု ထင်ပါ၏။

“စိမ်းသရဖူစိမ်း စိမ်းမောင်တို့ သူ့သာဝက စိမ်းလွင်တို့ ဆိုင်ကယ်တွေ မြင်သဟ” ကျောင်းတွင်းမှာ ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘသိမ်းမောင်တို့ အစွန်းရောက် အစိမ်းအမာခံ အဘငြိမ်းလွင်တို့ ရောက်ရှိနေပြီဖြစ်လေရာ သည်အရွှင်အဘတွေနှင့် ဆုံပါက ဖြစ်ပေါ်လာမည့် ဇာတ်လမ်းကို ငွေရောင်ပိတ်ကားထက်တွင် ဆက်လက်ရှုစားရပေတော့မည်တကား။

“ငါတို့တွေ တိတ်တိတ်ကလေး ဝင်ကြစို့”

အဘစောမူးသာက ဆော်သြတော့ အားလုံးပြုံးကြကာ မိမိတို့၏လက်ညှိုးများကို မိမိတို့၏ နှုတ်ခမ်းများပေါ်သို့ ကန့်လန့်ကပ်ကာ အချက်ပြကြပါ၏။ ခြေသံလုံစွာ ချီတက်ခဲ့ကြလေရာ ဇရပ်အကွယ်သို့အရောက်မှာ ဇရပ်ထဲက စကားသံများကို ကြားကြရပါ၏။ စိမ်းသရဖူစိမ်း ကိုယ်တော်က ဤသို့ မိန့်လေ၏။

“နစကဥက္ကဋ္ဌကြီးတည်နေတဲ့ စကျင်ဆင်းတုတော်ကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာဖူးတယ်တဲ့ကွ”

“တင်ပါ့ . . . . တကယ့်သာသနာပြုမင်းတွေပါပဲ ဘုရား”

ဆရာတော်နှင့် တကာရှော်တွေကား တကယ့်ကို လိုက်ဖက်တဲ့ဘဝတွေပါပဲလား။

အဘစောမူးသာနှင့် အဘလုံးတုံးတို့က ပါးစပ်များကို လက်ဖဝါးများနှင့်ပိတ်ကာ အတွင်းကြိတ် ရယ်နေကြလေ၏။ ဖေကြီးလည်း အမှတ်တမဲ့ အသံထွက်သွားမည်ကို စိုးရိမ်စွာဖြင့် မနည်းကြီး ထိန်းနေရ၏။

“ဒါနဲ့ အချို့တပ်စခန်းတွေကို PDF တွေက ဝင်စီးလို့ စွန့်လွှတ်ကြရတယ်ဆိုကွ”

“တင်ပါ့ဘုရား . . . သူတို့က လူဦးရေများများ ‘သာလွန်အင်အား’ နဲ့ဆိုတော့ တပ်မတော်က အောင်မြင်စွာ စွန့်ခွာကြရတာပေါ့ ဘုရာ့”

အဘစောမူးသာက အချက်ပြလိုက်သဖြင့် ဇရပ်အကွယ်မှနေ၍ ရုတ်တရက်ထွက်လိုက်ကာ ကိုယ်ထင်ပြလိုက်ကြလေရာ ဆရာတော်နှင့် တကာရှော်တို့အဖွဲ့မှာ ပြောလက်စ စကားများကို တိခနဲ ဖြတ်ချလိုက်ကြပြီးသကာလ ရေနွေးပူပူကို ရုတ်တရက် မော့သောက်သူကသောက်၊ ကွမ်းထုတ်ဝါးသူက ဝါး၊ ဆေးလိပ်မီးညှိသူက ညှိဖြင့် အလုပ်ရှုပ်သွားကြပါလေတော့၏။

ဆရာတော်က ရာဇဣန္ဒြေကို အမြန်ဆယ်တော်မူကာ မိန့်ပါလေ၏။

“အဲ . . . မူးသာတို့ လုံးတုံးတို့ မောင်ဖေကြီးတို့ပါလားဟ . . . ဆွမ်းချိုင့်လား”

“တင်ပါ့ဘုရား . . . ပထမတော့ အရှင်ဘုရား နှစ်သက်တော်မူတဲ့ ဝက်သားသုံးထပ်သား ဆွမ်းဟင်း ချက်ကပ်မလို့ပါပဲဘုရား”

“အိမ်း . . .”

“သို့ပေမဲ့လို့ ဝက်သားဈေးက တပည့်တော်တို့ အိတ်ကပ်ထဲက ပိုက်ဆံထက် ‘သာလွန်အင်အား’ ဖြစ်နေလို့ ဘယ်လိုမှ မတတ်နိုင်တာနဲ့ ပြန်ဆုတ်ပြေးခဲ့ရတယ်ဘုရား”

“ဟေ . . .”

အဘစောမူးသာက ရုပ်တည်ကြီးနှင့် ပြောနေလေရာ ကျွန်ုပ်တို့မှာ အသာကျိတ်၍ ပြုံးကြရပါ၏။ အဘစိမ်းမောင်နှင့် အဘစိမ်းလွင်တို့ကား မကြားချင်ယောင်ဆောင်နေကြပါ၏။ ဆရာတော်ကား အခြေအနေကို ရိပ်စားမိကာ ကျောင်းပေါ်သို့ မြန်နှုန်းမြင့်အလျင်ဖြင့် ကြွသွားပါလေတော့၏။

(ခ)

အဘစိမ်းမောင်နှင့် အဘစိမ်းလွင်တို့မှာ ခံစစ်ပြင်ရန် အကြံထုတ်နေကြရလေပြီ။

အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့ကား တဦးမျက်နှာကို တဦးကြည့်ပြီးသကာလ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြပါ၏။

ဖေကြီးကား နှစ်ဖက် စစ်မြေပြင်ကြားထဲမှာ သတင်းယူနေရသည့် စစ်သတင်းထောက်တဦးပမာ တထိတ်ထိတ် ရှိနေရပါလေ၏။

“ဒါနဲ့ ခုနက ‘သာလွန်အင်အား’ ဆိုတာများ ကြားလိုက်မိသလားလို့ စိမ်းမောင်ရ”

“အဲ . . . အင်း . . . ဟိုဟာကွာ . . . နိုင်ငံ့နေရာအနှံ့မှာရှိတဲ့ တပ်မတော်စခန်းတွေကို PDF တွေက ‘သာလွန်အင်အား’ နဲ့ ဝင်ဝင်စီးနေတာကို ပြောတာဟ”

“ဟေ . . . PDF တွေက ‘သာလွန်အင်အား’ ဖြစ်နေပြီဆိုတော့ မင်းတို့အဘ ကြင်စိုး သာဝ မအလရဲ့ ခါးပိုက်ဆောင်တပ်က အင်အားမရှိတော့ဘူးပေါ့၊ ဟုတ်လား”

“အဲ . . . အဲသလိုတော့ မဟုတ်ဘူးကွ၊ တပ်မတော်က အင်အား ‘လေးငါးသိန်း’ လောက်ပဲ ရှိတာလေကွာ”

“သြော် . . . အင်အား ‘လေးငါးသိန်း’ ရှိတယ်ဆိုတော့ . . . . . .”

“အေးလေကွာ . . . အခု PDF တွေက ‘သာလွန်အင်အား’ ဖြစ်နေတာလေဟာ”

“ဟားဟား ဟားဟား ဟားဟား . . . .”

သည်ဘက် အဘတွေက ရုတ်တရက် ထရယ်လိုက်လေရာ ‘မောင့်ဘဘစိမ်းတွေ’ မှာ ‘တင်း’သွားကြပုံပါပေ။

အဘလုံးတုံးက သူတို့ပြောတဲ့ ဖက်ဆစ်တပ်ထက် PDF က လူဦးရေ ပိုများနေသည် ဆိုပါလျှင် နိုင်ငံအနှံ့ နေရာအနှံ့မှာ ကြင်စိုး သာဝ မအလကို လုံးဝလက်မခံဘဲ သူ၏ ‘ခါးပိုက်ဆောင် ဖက်ဆစ်တပ်’ ကို အပြတ်ချေမှုန်းနေသည့် ပြည်သူလူထု၏ ရာခိုင်နှုန်းကို လွယ်ကူစွာ ‘တွက်’ ကြည့်လို့ရပြီဖြစ်ကြောင်း စေတနာဗရပွနှင့် ရှင်းပြကြပါ၏။

အစွန်းရောက် ‘ဘဘစိမ်း’ တို့ကား သူတို့စကားနှင့်သူတို့ ပိတ်မိနေကြပါလေ၏။ အဘစိမ်းမောင်ကား မျက်နှာကြီးနီလာ၏။ အဘစိမ်းလွင်ကား မျက်မှောင်ကြီးကြုတ်လာပြီး ဆေးပေါ့လိပ်ကို ဒေါသတကြီး ဖွာနေပါ၏။

တန်ပြန်စကားစ ရှာမရကြသေးပေ။

(ဂ)

အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား အတိုင်အဖောက်ညီပါလေ၏။ ဘဘစိမ်းတို့ကား သတ်ကွင်းထဲမှာ ပိတ်မိနေလေပြီ ဖြစ်၏။

“လောကမှာ ‘ဓမ္မ’ နဲ့ ‘အဓမ္မ’ ဆိုတာရှိပြီး တရားမျှတမှုကို လိုလားတဲ့သူတွေ ပိုများခဲ့ရင် အကောင်းဆုံးပေါ့ စိမ်းမောင်ရာ”

“ - - - -”

စိမ်းသရဖူဆောင်းအဘတို့ကား အီးအီးအဲအဲနှင့် အိုးတိုးအတ ဖြစ်နေကြပါလေ၏။ ပြန်လည် ချေပဖို့ရာ စကားလုံး ဝါကျတော့ မတည်ဆောက်နိုင်သေးပါ။ အဘစောမူးသာနှင့် အဘလုံးတုံးတို့က ငယ်သူငယ်ချင်းကောင်းပီသစွာ ‘အခြေအနေနှင့် အချိန်အခါ’ ကို အမှန်ကန်ဆုံး သုံးသပ်ပြကြပါ၏။ သူတို့သူငယ်ချင်းတွေ အယူလွဲကာ ‘အစိမ်းသူရဲ’ ဘဝ ရောက်ကြမှာကိုတော့ စိုးရိမ်ကြပုံပါ။

အဘစိမ်းမောင်တို့ကား ဘယ်လိုမှကို နားမဝင်ပါလေ။ သူတို့ စွဲမိစွဲရာ ကြင်စိုး သာဝ မအလနှင့် သူ့နောက်လိုက် မိုက်ပြီးရင်းမိုက်နေကြသည့် ‘ခါးပိုက်ဆောင် အကြမ်းဖက်တပ်’ ကိုသာ အကောင်းထင်နေကြပါ၏။

“ဒီမှာ မူးသာ . . . ဘာပဲဖြစ်ဖြစ် အခုလို ‘သာလွန်အင်အား’ နဲ့ အနိုင်ယူတာကိုတော့ ငါတို့ လက်မခံဘူးကွ”

“ဟား ဟား ဟား ဟား ဟား ဟား”

အဘစိမ်းမောင့်စကားကို ရုတ်တရက် ဟားလိုက်ကြလေရာ ‘ဘဘစိမ်း’ တို့မှာ ရှူးရှူးရှဲရှဲတွေ ဖြစ်ကုန်ပါလေ၏။

ဟိုအဘတို့ကား နားချနေကြတုန်း။

“သည်မှာ စိမ်းမောင် . . . အခု ပြည်တွင်းမှာဆိုလည်း ပြည်သူ့ဘက်တော်သား PDF တော်လှန်ရေးသမားတွေဟာ ဖက်ဆစ်အယုတ်တမာ မအလတပ်ထက် ‘သာလွန်အင်အား’ ဖြစ်နေပြီ”

“- - - - - -”

“ပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ကမ္ဘာ့ကုလသမဂ္ဂကြီးမှာလည်း ကြည့်ကြည့်ကွာ . . . မင်းတို့ စောက်ရူးအဘ မအလကို ကန့်ကွက် ရှုတ်ချနေတဲ့သူတွေဟာ မင်းပြောသလို ‘သာလွန်အင်အား’ ဖြစ်နေပြီ”

“- - - - - -”

“အေး . . . အနီးကပ်ဆုံး အာဆီယံနိုင်ငံတွေကိုပဲ ကြည့်ကြည့်ကွာ . . . မအလကို အသေအလဲ ကန့်ကွက်နေတဲ့သူတွေဟာ မင်းတို့ပြောတဲ့ ‘သာလွန်အင်အား’ ဖြစ်နေပြီလကွ . . . ဟ ဟ ဟ”

ချောင်ပိတ်မိနေပြီဖြစ်သည့် အစွန်းရောက် အစိမ်းသူရဲအဘများကား မျက်နှာကြီးများ နီရာကနေ မည်းလာနေလေပြီ ဖြစ်၏။ ဒီနေ့စကားဝိုင်းခေါင်းစဉ်ကိုကား ‘သာလွန်အင်အား’ ဟု တပ်ရုံမှတပါး အခြားမရှိပြီ။

အဘစောမူးသာက စကားဝိုင်းကို လက်စသတ်ရန် ဟန်ပြင်နေလေပြီ ဖြစ်၏။ ရေနွေးခွက်ကို မော့ချလိုက်ကာ လည်ချောင်းရှင်းလိုက်၏။ ပြီးသည့်အခါ အတည်ပြုံးလေးနှင့် ဤသို့ ပြောပါ၏။

“သည်ရွာကလေးမှာပဲကြည့်ကွာ... မအလကို အရေခွံဆုတ်ချင်နေသူတွေ နုတ်နုတ်စဉ်းချင်နေသူတွေဟာ ရွာ့လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းရှိပြီး ဘောမတွေထက် ‘သာလွန်အင်အား’ ဆိုတာ မင်းတို့လည်း အမြင်ပါပဲဗျား”

“ဝါး ဟားဟား ဟားဟား ဟားဟား”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013