
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်အာဏာရှင်တပ်က ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ ယောက် သေဆုံးခဲ့ပြီး ဒေသခံတွေလည်း စိုးရိမ်နေကြပါတယ်။
ဩဂုတ် ၅ ရက်ကနေ ၇ ရက်အထိ ဖရူဆိုမြို့နယ် အရှေ့နဲ့ အနောက်ဘက်ခြမ်းက ကျေးရွာတွေ၊ စိုက်ခင်းတွေကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၇ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စိုက်ခင်းတခုကို ဗုံးကြဲလို့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသားယောက် စခါး၊ လက်မောင်းနဲ့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင် ဒေသခံတယောက်က “တောင်ယာထယ်နေရင်း ချတာလေ။ ကျောပြင်နဲ့ လက်မောင်း၊ အစတွေ ထိတယ်။ ခြေထောက်လည်း ထိတယ်” လို့ ပြောပါတယ်။
အဲဒီမတိုင်ခင် ဩဂုတ် ၅ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက မြေပဲစိုက်တောင်သူတွေရှိတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ဩဂုတ် ၆ ရက်နေ့မှာတော့ အနောက်ဘက်ခြမ်းက ကျေးရွာတရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လသားအရွယ်ကလေးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံတွေဟာ လုံခြုံရေးအတွက်စိုးရိမ်နေကြပြီး အလုပ်ဆက်လုပ်ဖို့ တွန့်ဆုတ်လာကြတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဒီမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးကို ဖေဖော်ဝါရီလကတည်းက ထိန်းချုပ်ထားပြီး ဖရူဆိုမြို့နယ်ကို လက်နက်ကြီး၊ ဒရုန်းတို့နဲ့ အခုလို တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။










