DVB Logo
Home
မြန်မာသတင်း
မယ်တော်ဆေးခန်းတွင် လူနာအရေအတွက် ပိုတိုးလာသဖြင့် ဆေးဝါး ရိက္ခာ ပိုမိုလိုအပ်လာ
DVB
·
March 5, 2023
မယ်တော်ဆေးခန်းတွင် လူနာအရေအတွက် ပိုတိုးလာသဖြင့် ဆေးဝါး ရိက္ခာ ပိုမိုလိုအပ်လာ
Donate to DVB

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသတွေမှာ စစ်ဘေးရှောင် အရေအတွက် ပိုများလာပြီး အိန္ဒိယ-မြန်မာနဲ့ ထိုင်း-မြန်မာ နယ်စပ် တလျှောက်မှာ စစ်ဘေးကြောင့် ခိုလှုံသူ အရေအတွက် ပိုတိုးလာပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပေးနေတဲ့ မယ်တော်ဆေးခန်းမှာလည်း အတွင်းလူနာနဲ့ ပြင်ပလူနာ ပိုများလာတာကြောင့် ဆေးဝါးနဲ့ ရိက္ခာ ပိုမိုလိုအပ်လာတယ်လို့ ဒေါက်တာ စင်သီယာမောင်က ဒီဗွီဘီကို ပြောပါတယ်။

"ကျမတို့ ဆေးခန်းမှာ အတွင်းလူနာ ၂ ဆလောက် များလာတယ်။ ပြင်ပလူနာ ၃၀ ရာခိုင်နှုန်းလောက် များလာတယ်။ တချို့ လူနာတွေကတော့ ယခင်က မြန်မာရဲ့ HIV AIDS National ပရိုဂရမ်အတွက် လွှဲပြောင်းပြီးသားဖြစ်တယ်။ သို့သော်လည်း ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ သူတို့ ဆေးရရှိဖို့ ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးရတာ ရှိတယ်။ ကျောင်းတွေမှာလည်း ကလေးတွေ ၄၀ ရာခိုင်နှုန်း တိုးလာတယ်။ ကျောင်းမနေရတဲ့ ကလေးတွေလည်း ရှိတယ်။ ဘာလို့လဲဆိုတော့ အဆောက်အဦ မလုံလောက်တာဖြစ်ဖြစ်၊ ဝန်ထမ်းခန့်အပ်မှုအတွက် ရန်ပုံငွေ မလုံလောက်တာ ဖြစ်ဖြစ်ပေါ့။"

"ကျမတို့ရဲ့ ကွန်ရက်ကနေ ရတဲ့ အချက်အလက်အရ ကလေးနဲ့ အမျိုးသမီးတွေ အပေါ်မှာ အနိုင်ကျင့်ခံရမှုလည်း ပိုများလာတယ်။ ကလေး အာဟာရ ချို့တဲ့မှုတွေပို တွေ့ရှိရတယ်။ လာမယ့် ကာလတွေမှာ စားနပ်ရိက္ခာလိုအပ်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်လာမယ်လို့ ခန့်မှန်းတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းက စစ်ဘေးရှောင်တွေ (ကရင်၊ ကယား၊ ရှမ်းပြည် အပါအဝင်) တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ အရင် စစ်မဖြစ်ခင်က လူအရေအတွက် ၃ ဆ လောက် များလာမယ်လို့ ခန့်မှန်းရပါတယ်" လို့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ဒီဗွီဘီကို ပြောပါတယ်။

မယ်တော်ဆေးခန်းမှာ ပုံမှန်ကုသပေးနေတဲ့ လူနာတွေနဲ့ စစ်ဘေးကြောင့် အရေးပေါ်ကုသတဲ့ လူနာအရေအတွက် ပိုများလာတာကြောင့် ရန်ပုံငွေ လိုအပ်မှုလည်း ပိုရှိလာပြီး ၂၀၂၁ ခုနှစ်မှာ ဆေးဝါးအတွက် တနှစ်စာ အသုံးရပြုရငွေ ဘတ် ၆ သန်း ရှိခဲ့ရာ ၂၀၂၂ မှာတော့ ဘတ် ၁၀ သန်းလောက်အထိ တိုးမြှင့်သုံးစွဲလာရတယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ဆေးဝါးနဲ့ရိက္ခာ ကုန်ကျမှုတွေအပြင် အခြေခံအဆောက်အဦနဲ့ ဌာနတွေ တိုးချဲ့တာ၊ ဆေးခန်းမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ အရည်အသွေး တိုးမြှင့်တာ၊ လိုအပ်တဲ့ ဝန်ထမ်း အသစ်တွေ ခန့်အပ်ရတာ စတဲ့ အခက်အခဲတွေလည်း ရှိတယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

"ကြုံတွေ့ရတဲ့ အခက်အခဲကတော့ ကျမတို့က ရန်ပုံငွေဆိုတာ အဓိက ကျတယ်။ ကျမတို့ဆီမှာ ဒီလို အခြေအနေအခါမှာ ဝန်ထမ်းတွေရဲ့ အရည်အသွေး မြင့်တင်မှုတွေ၊ ဝန်ထမ်းခန့်ရတာတွေ ရှိသလို ဆေးဝါးရိက္ခာ ကုန်ကျမှု တွက်ချက်ပြီး တနှစ်ထက် တနှစ် တိုးလာတဲ့ လူဦးရေမှာ ပြောမယ်ဆို အရင် ၂၀၂၁ မှာ ဆေးက ဘတ် ၆ သန်း သုံးရတယ်။ ၂၀၂၂ မှာ ဘတ် ၁၀ သန်းလောက် သုံးရတယ်။ ရုတ်တရက်ကြီး ရန်ပုံငွေ လိုအပ်လာတာ ရှိသလို တချို့ဌာနတွေလည်း တိုးချဲ့လိုက်ရတယ်။"

"ကုသရေးပိုင်းဆိုင်ရာမှာလည်း ကျွမ်းကျင်တဲ့ နည်းပညာတွေလည်း ရှာဖွေပြီးတော့ သက်ဆိုင်ရာ ဌာန အလိုက်မှာ သင်တန်းတွေ ပြန်ပေးရတာ၊ လူတွေ ထပ်ခန့်ရတာ အမြဲ ဆောင်ရွက်ရတာ ရှိတယ်။ အထူးသဖြင့် ကျမတို့က ကျန်းမာရေးကိစ္စတွေဆို မဲဆောက်ဆေးရုံကြီးနဲ့ ဆောင်ရွက်ရတာ ရှိသလို ကလေးကူးသန်းရောင်းဝယ်မှုတို့၊ ကလေးတွေ အနိုင်ကျင့်မှုတို့ဆို ထိုင်းမှာရှိတဲ့ လူမှုရေးနဲ့ Human Security and Social Development ဆိုတဲ့ ဌာနနဲ့ ပြန်ပြီး ကြိုးစား အားထုတ်ရတာ ရှိတယ်"လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

မယ်တော်ဆေးခန်းမှာ ကုသပေးနေရတဲ့ လူနာတွေအတွက် အကြီးမားဆုံး အခက်အခဲက လုံခြုံရေးနဲ့ ဘာသာစကား ဖြစ်တယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။ ဆေးခန်း လာပြသူတွေ အများစုဟာ အထောက်အထား မရှိသူတွေ ဖြစ်တာကြောင့် ထိုင်းဆေးရုံတွေကို လွှဲပြောင်းပေးတဲ့အခါ လုံခြုံရေး အခက်အခဲ ရှိနေတာပါ။

ထိုင်း-မြန်မာနယ်စပ်မှာ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု အလုပ်တွေ နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်နေတဲ့ ဒေါက်တာ စင်သီယာမောင်ဟာ ကိုယ်တိုင် ထိုင်းနိုင်ငံသား မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားမယ်ဆိုရင် နိုင်ငံတကာနဲ့ ထိုင်းနိုင်ငံဆီက အကူအညီတွေ ပိုမိုရရှိနိုင်တာကြောင့် ထိုင်းနိုင်ငံသားဖြစ်ခွင့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ လျှောက်ထားခဲ့ပါတယ်။

မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်မှာ ဒေါက်တာ စင်သီယာမောင် တည်ထောင်ခဲ့တာပါ။ လက်ရှိ အချိန်မှာတော့ ဆေးခန်းမှာ ပြသတဲ့ လူနာဦးရေ နှစ်စဉ် ၁ သိန်းကျော်ရှိပြီး၊ နေ့စဉ် လူနာ ၃၀၀ ကနေ ၄၂၀ ဦးအထိ ကုသ ပေးနေပါတယ်။ ဒါ့အပြင် မယ်တော်ဆေးခန်းမှာ နှစ်စဉ် ကလေးငယ်ပေါင်း ၂၀၀၀ ထက်မနည်း မွေးဖွားပေးနေပါတယ်။ 

ဒေါက်တာ စင်သီယာမောင်ဟာ အာရှရဲ့ နိုဘယ်လ်ဆုလို့ တင်စားခံရတဲ့ ရေမွန် မက်ဆေးဆေးဆု၊ ဂွမ်ဂျူး လူ့အခွင့်အရေးဆု အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက ပေးအပ်တဲ့ဆုတွေ အများအပြားလည်း ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013