
မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေ့စဉ်နဲ့အမျှ ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးနေရသူတွေအတွက် ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းဟာ အားထားရာ နေရာတခုပါ။
၂၀၂၄ ခုနှစ် ဇွန်လမှာ စတင်ဖွင့်လှစ်လိုက်တဲ့ “Four Rivers-ACTS Foundation” ရဲ့ ခြေတုတပ်ဆင်ရေးဌာနဟာ လပိုင်းအတွင်းမှာတင် လူနာ ၃၀၀ ကျော်ကို ခြေတုတွေ အခမဲ့ တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဘဝကို အရှုံးပေးလိုက်ရမဲ့ သူတွေအတွက် လွတ်လပ်တဲ့ ခြေလှမ်းတွေ ပြန်လည်ရရှိအောင် ဒီဌာနက ကူညီပေးနေတာ ဖြစ်ပါတယ်။
ပဲခူးတိုင်းကနေ လာရောက်တဲ့ ကိုပိုင်ဟာ မတော်တဆထိခိုက်မှုကြောင့် ခြေထောက်တဖက် ဆုံးရှုံးခဲ့ရသူပါ။ ခြေတုမရခင်က ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်တောင် သူတပါးကို အားကိုးခဲ့ရပေမဲ့ အခုအခါမှာတော့ ခြေတုအသစ်နဲ့အတူ ယုံကြည်မှုရှိရှိ ပြန်လည်လမ်းလျှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
“ခြေထောက်နှစ်ဖက် ပုံစံမျိုး ပြန်ဖြစ်သွားပြီဆိုတော့ အားကိုးရှာစရာ မလိုတော့ဘူး။ အလုပ်ကိစ္စတွေ ကိုယ့်ဟာကိုယ် လုပ်နိုင်ပါပြီ” လို့ ကိုပိုင်က ဆိုပါတယ်။
အရင်ကလို ပျက်စီးရင် တချောင်းလုံး အသစ်ပြန်လဲရတဲ့စနစ် မဟုတ်ဘဲ အစိတ်အပိုင်းအလိုက် အလွယ်တကူ ဖြုတ်တပ်လဲလှယ်နိုင်တဲ့ ခေတ်မီ (Modular Type) ခြေတုတွေကို ဂျပန်နဲ့ နိုင်ငံတကာအလှူရှင်တွေရဲ့ အကူအညီနဲ့ ထုတ်လုပ်တပ်ဆင်ပေးနေတာ ဖြစ်ပါတယ်။
ဒီဌာနမှာ ခြေတုတပ်ဆင်ထုတ်လုပ်မှုအပိုင်းကို ဦးဆောင်နေသူကတော့ Prosthetics Technician ဆရာစောလားစူး ဖြစ်ပါတယ်။
အရင်က ဒုက္ခသည်စခန်းမှာနေထိုင်ရင်း ဒီပညာရပ်ကို ကျွမ်းကျင်အောင် သင်ယူခဲ့တဲ့ ဆရာ စောလားစူးက “ကျနော့်တို့ဆီ လာတဲ့လူနာ ၃ ပုံ ၂ ပုံလောက်က စစ်ရှောင်တွေ၊ လေယာဉ် ဗုံးကြဲခံရလို့၊ လက်နက်ကြီးထိလို့ လာရတဲ့သူတွေ များတယ်” လို့ မြေပြင်က အခြေအနေကို ရှင်းပြပါတယ်။
ခြေတုတပ်ဆင်ပြီးရုံနဲ့ မပြီးဘဲ လူနာတွေအနေနဲ့ ကိုယ်ခန္ဓာဟန်ချက်ညီညီ လမ်းလျှောက်နိုင်ဖို့ ပြန်လည်သန်စွမ်းရေး (Physiotherapy) ဌာနမှာ သီတင်းပတ်နဲ့ချီပြီး စနစ်တကျ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ကြရပါတယ်။ ဒီလို လေ့ကျင့်သားပြည့်ဝပြီဆိုမှသာ နေ့စဉ်ဘဝမှာ အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
လမ်းခရီးနဲ့ လုံခြုံရေး အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး လာရောက်ကြရတဲ့ လူနာတွေအတွက် မယ်တော်ဆေးခန်းက ခြေတုတပ်ဆင်ခကို အခမဲ့ ကူညီပေးတဲ့အပြင် ထမင်းဖိုး၊ အအေးဖိုး စရိတ်တွေကိုပါ ထောက်ပံ့ပေးနေပါတယ်။
“ငွေကြေး မတတ်နိုင်တဲ့ လူတွေအတွက် ဒီဆေးခန်းက အများကြီး အထောက်အကူ ရပါတယ်။ တကယ် မရှိမဖြစ် အရေးပါတဲ့ ဆေးခန်းပါ”လို့ ကိုပိုင်က ကျေးဇူးတင်စကား ဆိုပါတယ်။
ဆရာ စောလားစူးက “ဒီလူနာတွေရဲ့ အနာဂတ်ပေါ့နော်၊ သူတို့က ခြေတု တပ်ပြီးရင် ဒီအတိုင်းပဲ ပြီးသွားတာ မဟုတ်ဘဲနဲ့ သူတို့ရဲ့ ဒီ အသက်မွေးဝမ်းကျောင်းပေါ့နော်၊ သူတို့ကို အာမခံ ပေးနိုင်မဲ့ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး သင်တန်းကျောင်းတွေ၊ နောက် အလုပ် ရရှိဖို့အတွက် အလုပ်ရှာပေးနိုင်တဲ့ အဖွဲ့အစည်းတွေ၊ အလုပ် ချိတ်ဆက်ပေးတဲ့ အဖွဲ့အစည်းတွေလည်း အများကြီး လိုအပ်ပါသေးတယ်” လို့ ဆိုပြီး မယ်တော်ဆေးခန်း ခြေတုတပ်ဆင်ရေးဌာနမှာ ခြေတုလာရောက် တပ်ဆင်ကြတဲ့ လူနာတွေအတွက်ထပ်ပြီး အကူအညီ ထောက်ပံ့မှုတွေ ပိုမိုပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဒေါက်တာစင်သီယာမောင်ရဲ့ ဦးဆောင်မှုနဲ့အတူ ဆေးခန်းကို မလာရောက်နိုင်တဲ့ နယ်စပ်မှာ ရှိတဲ့ လူနာတွေနဲ့ ပြည်တွင်းက လူနာတွေဆီအရောက် ခြေတုတွေကို ကွင်းဆင်းတပ်ဆင်ပေးနိုင်ဖို့အထိ ရည်မှန်းချက်ထား ကြိုးပမ်းနေပြီး စစ်ဒဏ်သင့်ပြည်သူတွေအတွက် မျှော်လင့်ချက်တွေ ဆက်လက်ဖန်တီးပေးလျက်ရှိပါတယ်။











