DVB Logo
Home
Lead Story
၁၃ ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို ဒေါက်တာစင်သီယာမောင် လက်ခံရယူ
ဇော်ဇော်လှိုင်
·
October 19, 2026
Photo: ဂျပန်နိုင်ငံ မယ်တော်ဆေးခန်း ပံ့ပိုးကူညီရေးအသင်း (JAM)
Photo: ဂျပန်နိုင်ငံ မယ်တော်ဆေးခန်း ပံ့ပိုးကူညီရေးအသင်း (JAM)
Donate to DVB

ဂျပန်နိုင်ငံ အိုကီနာဝါပြည်နယ်အစိုးရက ၂ နှစ်တကြိမ် ပေးအပ်ချီးမြှင့်လေ့ရှိတဲ့ ဂုဏ်သရေရှိ “၁၃ ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆု” ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင် တည်ထောင်ထားတဲ့ “မယ်တော်ဆေးခန်း” က ဆွတ်ခူးရရှိခဲ့ပြီး ဆုပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၉ ရက်က အိုကီနာဝါပြည်နယ် နာဟာမြို့မှာ ကျင်းပပါတယ်။

ဆုပေးအပ်ပွဲကို မယ်တော်ဆေးခန်း တည်ထောင်သူ ဆရာမကြီး ဒေါက်တာစင်သီယာမောင် ကိုယ်တိုင် တက်ရောက်ကာ ဆုတံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံရယူခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်က “နယ်စပ်တလျှောက် လုပ်ငန်းတွေစတင်ချိန်ကစလို့ ယနေ့အထိ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးခဲ့ကြတဲ့ ဂျပန်နိုင်ငံမှ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို အထူးကျေးဇူးတင်ရှိကြောင်း၊ အခု ဒီဆုကြောင့် ဂျပန်နဲ့ အိုကီနာဝါ ပြည်သူတွေအကြား ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်တွေရဲ့ အခြေအနေကို ပိုမိုသိရှိနားလည်လာပြီး ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာမယ်လို့ မျှော်လင့်တယ်” လို့ ဆုလက်ခံစဉ် ပြန်လည်ပြောကြားခဲ့ပါတယ်။

“လူသားလုံခြုံရေး ဖော်ဆောင်မှု တိုးတက်ပြောင်းလဲစေရေး” ဆိုတဲ့ အိုကီနာဝါ ငြိမ်းချမ်းရေးဆုရဲ့ ရည်ရွယ်ချက် မူဝါဒနဲ့အညီ မယ်တော်ဆေးခန်းဟာ ၁၉၈၉ ခုနှစ်ကနေ စတင်ကာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ပဋိပက္ခဒဏ်သင့် ရွှေ့ပြောင်းအခြေချတွေနဲ့ ဒုက္ခသည်တွေအတွက် ဆေးဝါးကုသပေးတာ၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးပေးတာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့တာကြောင့် အခုလို အသိအမှတ်ပြု ဆုချီးမြှင့်ခံရတာလို့ ဆုရွေးချယ်ရေးကော်မတီက ပြောပါတယ်။

ဆုပေးပွဲမှာ မယ်တော်ဆေးခန်းရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ဆက်လက်ရှင်သန်နိုင်ရေးနဲ့ နိုင်ငံတကာငြိမ်းချမ်းရေး ဖော်ဆောင်မှုကဏ္ဍမှာ ပိုမိုအင်အားဖြစ်စေဖို့ ဆုပေးအပ်ပွဲ စီစဉ်သူတွေနဲ့ တက်ရောက်လာသူတွေက ဆုတောင်းဂုဏ်ပြုခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း အိုကီနာဝါမြေဟာ ဂျပန်နိုင်ငံမှာ တခုတည်းသော ကုန်းတွင်းစစ်ပွဲ ဆင်နွှဲရာမြေ ဖြစ်ခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူများစွာ စတေးခဲ့ရတဲ့ ဒေသကနေ အခုလို ငြိမ်းချမ်းရေးကို တန်ဖိုးထား အားပေးတဲ့ဆုကို မြန်မာနိုင်ငံ နယ်စပ်ဒေသကို ပေးအပ်တာဟာ လွန်စွာလေးနက်ပြီး အဓိပ္ပာယ်ရှိတယ်လို့ ဂျပန်နိုင်ငံ မယ်တော်ဆေးခန်း ပံ့ပိုးကူညီရေးအသင်း (JAM) က ပြောပါတယ်။

အိုကီနာဝါ ငြိမ်းချမ်းရေးဆုနဲ့အတူ ချီးမြှင့်ခံရတဲ့ ဆုကြေးငွေ ယန်း သိန်း ၁၀၀ ကိုလည်း မယ်တော်ဆေးခန်းရဲ့ ဆေးဝါးကုသရေးနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေမှာ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013