
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေ ကြီးထွားလာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူ အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုမိုများပြားလာနေပါတယ်။
ဒီလို ထိခိုက်ဒဏ်ရာရသူတွေအတွက် ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းမှာ ဖွင့်လှစ်ထားတဲ့ “Four Rivers-ACTS Foundation” ရဲ့ ခြေတုတပ်ဆင်ရေးဌာနဟာ အခမဲ့ ကုသပေးနေပြီး ဒုက္ခသည်တွေရဲ့ နေ့စဉ်ဘဝကို ပြန်လည်အသက်သွင်းပေးနေပါတယ်။
ကိုပိုင်က ပဲခူးတိုင်းကဖြစ်ပြီး မတော်တဆထိခိုက်မှုကြောင့် ခြေထောက်တဖက် ဆုံးရှုံးခဲ့ရသူပါ။ ခြေထောက်တဖက် ဆုံးရှုံးသွားချိန်မှာ ချိုင်းထောက်ကိုသာ အားကိုးခဲ့ရတဲ့အတွက် သူ့ရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုဟာ အတော်လေးခက်ခဲခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခအခြေအနေတွေနဲ့ အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု အခြေအနေတွေကြောင့် ပြည်တွင်းမှာ ခြေတုတပ်ဆင်ဖို့ အခက်အခဲရှိခဲ့တဲ့ ကိုပိုင်ဟာ မယ်တော်ဆေးခန်းမှာ ခြေတုလာရောက်တပ်ဆင်ပြီးနောက်မှာတော့ သူ့ရဲ့ ဘဝဟာ အရင်လို ကိုယ့်အားကိုယ်ကိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ခြေတုတပ်ဆင်ထားသူ ကိုပိုင်က “ခြေတုမရခင်တုန်းကတော့ မနက် အိပ်ရာ မျက်လုံးဖွင့် စနိုးပြီဆိုကတည်းက ကိုယ့်ရဲ့ တနေ့တာ၊ ကိုယ့် ဒီတကိုယ်ရေတကာယ ကိစ္စကိုတောင်မှ ဘေးလူအကူ သိပ်မလွတ်ချင်ဘူးပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရတာ ဖြစ်တာပေါ့။ ဒါပေမဲ့ အခု ခြေတုရပြီးသွားပြီဆိုရင်တော့၊ တော်တော်လေးလည်း ကိုယ်ရေးကိုယ်တာကိစ္စကို တခြားလူကို အားကိုးရှာစရာ မလိုတော့ဘူးပေါ့ဗျာ။ ခြေထောက်နှစ်ဖက် ပုံစံမျိုး ပြန်ဖြစ်သွားပြီဆိုတော့ တော်တော်များများ အလုပ်ကိစ္စတွေ ကိုယ့်ဟာကိုယ် လုပ်နိုင်ပါပြီ” လို့ ပြောပါတယ်။
မယ်တော်ဆေးခန်းဝင်းအတွင်းက “Four Rivers-ACTS Foundation” ရဲ့ ခြေတုတပ်ဆင်ရေးဌာနကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ အရင်ကလို ပျက်စီးရင် တချောင်းလုံး အသစ်ပြန်လဲရတဲ့ စနစ်မဟုတ်ဘဲ၊ လိုအပ်တဲ့ အစိတ်အပိုင်းကိုသာ အလွယ်တကူ ဖြုတ်တပ်လဲလှယ်နိုင်တဲ့ (Modular Type) ခေတ်မီခြေတုတွေကို အသုံးပြု တပ်ဆင်ပေးနေတာ ဖြစ်ပါတယ်။
ဒီဌာနမှာ တပ်ဆင်ထုတ်လုပ်မှုအပိုင်းကို တာဝန်ယူထားတဲ့ ပညာရှင် ဆရာ စောလားစူး က “အများအားဖြင့် ကျနော်တို့ဆီမှာ လာတဲ့ လူနာတွေက ဒီ မြန်မာပြည်ထဲမှာပေါ့၊ စစ်ရှောင်တွေ၊ အဲဒီလိုမျိုး ရွာထဲမှာ လေယာဉ် ဗုံးကြဲတာတို့၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာတို့၊ အဲ့လိုမျိုး လူနာတွေက ကျနော်တို့ သုံးပုံ နှစ်ပုံလောက် များတယ်ပေါ့နော်။ ၂၀၂၄ ကနေပြီးတော့ အခု ၂၀၂၆ အထိပေါ့နော်၊ ကျနော်တို့ တပ်ဆင်ပေးထားတာ လူဦးရေပေါင်း ၃၀၀ ကျော် လောက် ရှိပြီ” လို့ ပြောပါတယ်။
ခြေတုတပ်ဆင်ဖို့အတွက် လူနာတယောက်ကို အနည်းဆုံး ၂ ပတ်ကနေ ၃ ပတ်အထိ အချိန်ယူရပါတယ်။ အနာကျက်တဲ့ အခြေအနေနဲ့ လေ့ကျင့်ခန်းဌာန (Physiotherapy) မှာ ဟန်ချက်ညီညီ လမ်းလျှောက်နိုင်တဲ့အထိ စနစ်တကျ ပြန်လည်လေ့ကျင့်ပေးပြီးမှသာ ခြေတုကို အပြီးသတ် တပ်ဆင်ပေးတာပါ။
ပြည်တွင်းကနေ လာရောက်ရတဲ့အတွက် လမ်းခရီးသွားလာရေးနဲ့ လုံခြုံရေး အခက်အခဲတွေ ကြီးမားစွာ ရှိနေပေမဲ့ ရောက်ရှိလာတဲ့ လူနာတွေအတွက်ကတော့ ကုသစရိတ်ကအစ ခြေတုတပ်ဆင်ခအထိ အားလုံးကို အခမဲ့ ကူညီပေးနေတာ ဖြစ်ပါတယ်။
ခြေတုတပ်ဆင်ထားသူ ကိုပိုင်က “ဒီ ခြေတုပေါ်မှာ ကုန်ကျစရိတ် ကုန်တာကျတာတော့ ဘာမှ မရှိပါဘူး။ ခြေတုဌာနမှာ လာပြတဲ့ လူနာတွေကိုတောင်မှ သူတို့ရရှိတဲ့ အလှူငွေနဲ့ပတ်သက်ပြီးတော့ တနေ့ကို ထမင်းဖိုး အအေးဖိုး ပြန်ပေးတာတောင် ရှိပါသေးတယ်။ ကျနော်တို့ အခု မြန်မာနိုင်ငံ လူမှုရေး၊ စီးပွားရေး အကျပ်အတည်းအရ ပြောရမယ်ဆိုရင် ငွေကြေး မတတ်နိုင်တဲ့ လူတွေအတွက်ဆိုရင် ဒီ မယ်တော်ဆေးခန်းက အများကြီး အထောက်အကူ ရပါတယ်။ တကယ် မရှိမဖြစ် ဟို အရေးပါတဲ့ ဆေးခန်းတခုပါပဲ” လို့ ပြောပါတယ်။
ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ အကူအညီနဲ့ လည်ပတ်နေတဲ့ ဒီဌာနဟာ ရှေ့ဆက်ပြီး ပြည်တွင်းက မလာရောက်နိုင်တဲ့ လူနာတွေဆီအရောက် ကွင်းဆင်းတပ်ဆင်ပေးနိုင်ဖို့အထိ ရည်မှန်းထားပါတယ်။
နှစ်ပေါင်း ၃၀ ကျော်ကြာ ဒေါက်တာစင်သီယာမောင်ရဲ့ ဦးဆောင်မှုအောက်က မယ်တော်ဆေးခန်းဟာ အခုချိန်ထိတိုင် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် မှီခိုရာ မျှော်လင့်ချက်အိမ်ကြီးတလုံးအဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။











