DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူဦးရေ သုံးပုံတပုံခန့် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေဟု ကုလထုတ်ပြန်
DVB
·
March 5, 2023
မြန်မာ့လူဦးရေ သုံးပုံတပုံခန့် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေဟု ကုလထုတ်ပြန်
1 / 3
Donate to DVB

စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတပုံနီးပါး လူဦးရေ ၁၇ ဒသမ ၆ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

အခု ၂၀၂၃ ခုနှစ် ပထမ ၂ လတာအတွင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁၅၄,၀၀၀ လောက် ရှိခဲ့ပြီး တောတောင်တွေထဲမှာ နေထိုင်နေကြရကာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ရေတွက်ရင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၁ ဒသမ ၃ သန်းထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အများအပြားရှိ မြို့နယ်ပေါင်း ၄၇ ခုတို့မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး နိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ 

အထူးသဖြင့် ကချင်ပြည်နယ်၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး အသက်ဘေးအန္တရာယ်တွေ ခြိမ်းခြောက်မှုတွေနဲ့အတူ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို နှောင့်နှေးစေတယ်လို့ UNOCHA Myanmar က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ မြန်မာ့လူဦးရေ ၄ ဒသမ ၄ သန်းဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးနိုင်ခဲ့ပေမယ့် အကန့်အသတ်တွေကြောင့် မျှော်လင့်ထားတဲ့အတိုင်း ထိရောက်တဲ့ အကူအညီတွေ လိုအပ်နေတဲ့ ကဏ္ဍတွေအသီးသီးကို ရောက်ရှိတဲ့အထိ မပေးနိုင်ခဲ့ဘဲ အခု ၂၀၂၃ ခုနှစ်အတွက်တော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၆၄ သန်း လိုအပ်ချက် ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013