ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဆီတန်းမှာ မတ်လ ၄ ရက် မနက်က ၁၁ နာရီ မိနစ် ၄၀ လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ဒေသခံ ဦးအေးကျော်နဲ့ မိသားစုဆီဆိုင်ရှိ ဆီပေပါတွေ ဆီတိုင်ကီတွေထားတဲ့ သစ်သားစင်တွေ မီးလောင်ခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ မီးလောင် ဆုံးရှုံးမှုတန်ဖိုး အသေးစိတ်တွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
“မီးကတော့ ၁၂ နာရီ ၄၅ လောက်မှာ ငြိမ်းသွားပါပြီး။ မီးလောင်ကျွမ်းမှုကတော့ ၁၁ နာရီ ၄၀ လောက်မှာ လောင်ကျွမ်းတာဖြစ်တယ်။ ဆီသိုလှောင်တဲ့ ခုတင်ကိုလောင်ကျွမ်းသွားတာ။ ဘယ်ကနေ စပြီးလောင်တာကိုတော့ စုံးစမ်းစစ်ဆေးနေဆဲဖြစ်တယ်။ ဆုံးရှုံးမှု တန်ဖိုးတွေလည်း စစ်ဆေးနေဆဲဖြစ်တယ်။”
မီးလောင်မှုအတွင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့လို့ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ မေတ္တာရောင်ခြယ်ဖောင်းဒေးရှင်း ဥက္ကဋ္ဌ ကိုလင်းလင်းက ပြောပါတယ်။
"မီးကတော့ ငြိမ်သွားပါပြီ။ မီးလောင်မှုအတွင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီး အခုစစ်တွေ ပြည်သူ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်။”
အခု မီးလောင်ကျွမ်းမှုဖြစ်တဲ့ နေရာမှာ စစ်တွေမြို့ရှိ လောင်စာဆီတွေ သိုလှောင်တဲ့ ဆီတန်းဖြစ်တာကြောင့် စိုးရိမ်ခဲ့ကြတယ်လို့ မြို့ခံတွေကပြောကြပါတယ်။
မတ်လ ၄ ရက်ကလည်း ရသေ့တောင်မြို့မှာ မီးလောင်ပြီး လူနေအိမ် ၄ လုံး ဆုံးရှုံးပျက်စီးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း ပုဏ္ဏားကျွန်းမြို့က ဘုန်းကြီးတပါး၊ ကျောက်တော်မြို့နယ်က အမျိုးသားတယောက်နဲ့ မြောက်ဦးမြို့နယ်က အဘွားအို တယောက် သေဆုံးခဲ့ပါတယ်။
နွေရာသီရောက်လာပြီးဖြစ်လို့ မီးသတ်ဦးစီးဌာနအနေနဲ့ ပြည်သူတွေကို မီးသတိပေးတွေ အစဉ်မပြတ်တိုးမြှင့်ပြုလုပ်ပေးသင့်တယ်လို့ ဒေသခံတွေက တိုက်တွန်းပြောကြပါတယ်။
ဓာတ်ပုံ- မေတ္တာရောင်ခြယ်ဖောင်ဒေးရှင်း