DVB Logo
Home
မြန်မာသတင်း
မြန်မာတွင်အကြမ်းဖက်မှုများပိုဆိုးလာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးမရှိဆက်ဖြစ်နေဟု ကုလထုတ်ပြန်
DVB
·
March 4, 2023
မြန်မာတွင်အကြမ်းဖက်မှုများပိုဆိုးလာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးမရှိဆက်ဖြစ်နေဟု ကုလထုတ်ပြန်
Donate to DVB

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် သတ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်း၊ ဥပဒေမဲ့စိတ်ထင်တိုင်းဖမ်းဆီး၊ လူမသိအောင်တိတ်တဆိတ်ဖမ်းဆီးတာတွေအပါအဝင် အကြမ်းဖက်မှုတွေ အဆက်မပြတ်ကျူးလွန်ရင်းအဆုံးမရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖန်တီးနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက မတ်လ ၃ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်လာပြီးတဲ့ အချိန်အထိ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အတိုက်အခံတွေအပေါ် အမြစ်ပြတ်အောင် မြေလှန်ချေမှုန်းရေး မူဝါဒကို ကိုင်စွဲထားကြပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ပြောပါတယ်။ 

“ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခတွေ ထိန်းသိမ်းနိုင်ရေးအတွက် ဒေသတွင်းသာမက တမ္ဘာလုံးကပါ ဝိုင်းဝန်းကြိုးပမ်းနေကြတာတွေကို သူတို့က မကြားချင်ယောင်ဆောင်နေတယ်။ သူတို့ရဲ့ အပြစ်တွေအပေါ်မှာ အရေးယူခံရခြင်းမရှိတဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာဥပဒေမူဝါဒေတွေနဲ့ ဝတ္တရားတွေအပေါ်ကို လုံးဝဂရုမစိုက်ကြောင်း ပြမြဲပြလျက်ရှိနေပါတယ်။ တဖြည်းဖြည်း ပိုမိုဆိုးရွားပြင်းထန်လာနေတဲ့ လူလုပ်ကပ်ဘေးကို ရပ်တန့်နိုင်ဖို့အတွက် ထိရောက်တဲ့ အရေးယူမှုတွေ အရေးပေါ်ဆောင်ရွက်ဖို့ လိုပါတယ်။”

အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာဆီယံတို့ရဲ့ တောင်းဆိုချက်တွေအတိုင်း အကြမ်းဖက်မှုချက်ချင်းရပ်တန့်ဖို့၊ စိတ်ထင်တိုင်း ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို အဆီးအတားမရှိ ဆောင်ရွက်ခွင့်ပေးရန်တို့ အပါအဝင် အခြားအချက်တွေကို တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို ရည်ရွယ်ပြီး စစ်အုပ်ချုပ်ရေး အပါအဝင် စည်းကမ်းချက်အသစ်တွေကို ထုတ်ပြန်သလို၊ မြန်မာ့ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုအပေါ် အထောက်အပံ့ပေးနေတဲ့ ရပ်ရွာတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားတယ်လို့ဆိုပါတယ်။

“မြန်မာနိုင်ငံအနှံ့က အရပ်သားတွေဟာ အကြမ်းဖက်မှုတွေခံနေရပြီး အသတ်ခံရတာ မတရားဖမ်းဆီးခံရ၊ အိုးအိမ်ဖျက်ဆီးခံရ၊ ဖမ်းဆီးနှိပ်စက်ခံရ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုခံရတာတွေအပါအဝင် အနိုင်ကျင့်ရာဇဝတ်မှုကျူးလွန်တာတွေကို ခံစားနေရပါတယ်။ အဲဒီအကြမ်းဖက်မှုတွေအများဆုံးကို မြန်မာစစ်တပ်နဲ့ သူတို့လက်အောက်ခံလက်နက်ကိုင် အဖွဲ့တွေက ဆောင်ရွက်နေတာဖြစ်တယ်လို့ ယူဆနိုင်တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ လည်းရှိနေပါတယ်။ အဲဒီထဲမှာ လူသားထုတစ်ရပ်လုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဒါမှမဟုတ် စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်မှုတွေလည်းရှိနေနိုင်ပါတယ်”လို့ ဗော်လ်ကာတာ့ခ်က ဆိုပါတယ်။

အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်နဲ့ အရှေ့တောင်ဘက်အခြမ်းတွေမှာ တရှိန်ထိုးများပြားလာတဲ့ အကြမ်းဖက်မှုတွေအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုစည်း မှတ်တမ်းတင်ထားပါတယ်။

မြန်မာနိုင်ငံက မြို့နယ်စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဒဏ်ကိုခံ စားခဲ့ရကြောင်း၊ မြန်မာစစ်တပ်နဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရသူ ၃၀၀၀ ခန့်နဲ့ ဖမ်းဆီးခံရသူ ၁၇၅၀၀ ကျော်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေဆီကနေ ရရှိအတည်ပြုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာစစ်တပ်ဟာ သူ့ကိုဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တခြား လက်နက်ကိုင်တပ်ဖွဲတွေကို အစားအစာ၊ ငွေကြေး၊ သတင်းအချက်အလက်တွေ မရအောင်အပြင် လူသစ်စုဆောင်းနိုင်ခြင်း မရှိအောင် ဖြူဖြူမဲမဲခွဲခြားခြင်း မရှိဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ၊ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ရပ်ရွာနေအိမ်တွေကိုမီးရှို့တာ၊ လူမှုကယ်ဆယ်ရေးအထောက်အပံ့တွေ မရအောင် ပိတ်ဆို့ထားတာတွေအပါအဝင် သူတို့ခေါ်တဲ့ ဖြတ်လေးဖြတ် စနစ်ကို ကျင့်သုံးတိုက်ခိုက်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

အဲဒီအစီရင်ခံစာမှာ ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ ဒီပဲယင်းမြို့နယ် လက်ယပ်ကုန်းကျေးရွာက စာသင်ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်မှုနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတဲ့ ဗန်းမောက် မြို့နယ် မံယူးကြီးရွာက ကိုယ်ထူကိုယ်ထ ဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်မှုတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်က ကချင်ပြည်နယ်မှာနဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ကကျူးလွန်ခဲ့တာတွေ အပါအဝင် သူတို့ မကြာခဏလုပ်နေကြဖြစ်တဲ့အတိုင်း သူတို့ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဆုံးရှုံးခဲ့ရတဲ့ အိမ်ပေါင်းဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တစ်နိုင်ငံလုံးမှာ အနည်းဆုံး ၃၉၀၀၀ နီးပါးခန့်ရှိပြီး ဒါဟာ ၂၀၂၁ ခုနှစ်ကထက် အဆ ၁၀၀၀ ခန့် ပိုများလာတာဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကျဆင်း ဆုတ်ယုတ်နေပြီး  ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၂၀ ခုနှစ် မေလကထက် ၂ ဆ များပြား လာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့တစ်ဝက် နီးပါးဟာ ဆင်းရဲစွာနေထိုင်နေရပြီး မြန်မာစစ်တပ်က ထပ်မံချမှတ်ထားတဲ့ စည်းကမ်းတင်းကျပ် ပိတ်ဆို့မှုတွေကြောင့် ပဋိပက္ခဖြစ်ပွားရာနေရာက လူတွေဟာ ဆာလောင်မှုအငတ်ဘေးနဲ့ ကြုံတွေ့ရမယ့် အလားအလာရှိနေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့  သူ့လက်ထက်မှာ စီးပွားရေးတိုးတက်လာတဲ့ အကြောင်း အရင်အစိုးရရဲ့ စီမံအုပ်ချုပ်မှု အားနည်းချက်တွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ အကြောင်းနဲ့ ကုန်ဈေးနှုန်းတွေတက်နေတာဖြစ်ကြောင်း နိုင်ငံတွင်းနယ်လှည့်ခရီးစဉ်တွေမှာ ဝေဖန်ပြောဆိုနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013