DVB Logo
Home
မြန်မာသတင်း
မလေးရှားက ပြန်ပို့ခံရသူများကို အဓမ္မစစ်မှုထမ်းခိုင်းမည်ကို လူ့အခွင့်အရေးလှုပ်ရှားသူများ စိုးရိမ်
သီရိ
·
October 1, 2026
မလေးရှားက ပြန်ပို့ခံရသူများကို အဓမ္မစစ်မှုထမ်းခိုင်းမည်ကို လူ့အခွင့်အရေးလှုပ်ရှားသူများ စိုးရိမ်
1 / 7
Photo: Reuters 
Donate to DVB

မလေးရှားနိုင်ငံက ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ဝန်းကျင်ကို နေရပ်ပြန်ပို့ခဲ့တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ်နေကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း နောက်နောင် ဒီလိုပြန်ပို့တာတွေမလုပ်ဖို့ကိုလည်း တိုက်တွန်း လိုက်ပါတယ်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ယောက်ကို စစ်သင်္ဘော၊ ဆေးဘက်ဆိုင်ရာသင်္ဘောတွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

မြန်မာနိုင်ငံကို ပြန်ပို့ခံရသူတွေဟာ မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ တရားမဝင်နေတာကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံပြီးသူတွေ မလေးရှားအစိုးရက မြန်မာစစ်အာဏာရှင်အစိုးရနဲ့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၉ ရက်နေ့က ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ 

မလေးရှားနိုင်ငံမှာတော့ တရားမဝင် နေထိုင်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး နေ့စဉ်ဆိုသလို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။ ပြန်ပို့ခံလိုက်ရသူတွေဟာ မလေးရှား အကျဉ်းထောင်တွေကနေ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်ပြီး တချို့ဆိုရင် မြန်မာနိုင်ငံကို ပြန်ဖို့ လေယာဉ်လက်မှတ် ဝယ်ထားပြီးသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Myanmar Labour Affairs & Refugees ကိုမင်းဇော်က “အတော်များများကတော့ စိုးရိမ်ကြတာပေါ့၊ ကျနော်တို့ဆီ ဆက်သွယ်လာတဲ့ မိသားစုဝင်တွေက၊ ကျနော်တို့ဆီ ဆက်သွယ်လာတဲ့ လူအများကြီးရှိတယ်၊ မပြန်ခင်တုန်းက လေယာဉ်လက်မှတ်လည်း ကြိုသွင်းထားပါလျက်နဲ့ သင်္ဘောနဲ့ဆိုတော့ လေယာဉ်နဲ့ ပြန်တဲ့သူအများစုက အန္တရာယ်မရှိဘူး ဘာမှမဖြစ်ဘူး၊ သင်္ဘောနဲ့ပို့တဲ့အခါ ဟိုဘက်ရောက်ရင် စစ်မှုထမ်းကြမှာကို အရမ်းစိုးရိမ်ကြတာပေါ့နော်၊ လက်ရှိ ကျနော်တို့လည်း မပြောနိုင်သေးဘူး၊ ကျနော်တို့လည်း အကုန်လုံးက စိုးရိမ်နေကြပါတယ်”လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံ ပြန်ပို့ခံရသူတွေဟာ မြန်မာနိုင်ငံအခြေအနေကြောင့် တရားမဝင်လမ်းကြောင်းကနေ မလေးရှားနိုင်ငံထဲကို ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။ ပြန်ပို့ခံရသူတွေထဲမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မိမိတို့နေရပ်ကို ပြန်မရသူတွေနဲ့ စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ အသက်အရွယ်တွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်နေရတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံပြန်ပို့တာတွေ မလုပ်ဖို့ကို UNHCR အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

NLD-OC International Malaysia ကိုသန်းထွန်းအောင်က “လက်ရှိအချိန်မှာတော့ ပြန်ပို့ခံရတဲ့သူတွေအတွက်က အန္တရာယ်များတဲ့ အခြေအနေမှာရှိတယ်၊ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေလည်း များစွာရှိတယ်၊ သူတို့ ပြန်သွားတာတော့ ဟုတ်ပါပြီ ဟိုရောက်ရင်လည်း စစ်မှုထမ်းဥပဒေနဲ့ မတရားပေါ်တာဆွဲခံရတဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ နောက်တခုက စစ်မက်ဖြစ်နေတဲ့ နေရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုယ့်ရဲ့အိမ်ကို ဘေးကင်းကင်းနဲ့ မပြန်နိုင်ဘဲနဲ့ နောက်တကြိမ် ထွက်ပြေးနိုင်မဲ့ အခြေအနေတွေ ရှိတယ်၊ စစ်ဘေးဒုက္ခသည်တွေ ဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။

မလေးရှားကို တရားမဝင်လမ်းကြောင်းက ရောက်ရှိလာတဲ့လူအများစုက UNHCR ဆီမှာ စာရင်းသွင်းပြီး ဒုက္ခသည်ကတ် ကိုင်ဆောင်နေထိုင်ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မလေးရှားအစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် UNHCR လည်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် မကာကွယ်ပေးနိုင်တဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ 

မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေကို ပြန်ပို့တဲ့အခြေအနေကို ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့လည်း ထပ်တူထပ်မျှ ခံစားရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောပါတယ်။

နောက်နောင် ဒီလိုပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ နောက်ထပ် ပြန်မပို့တော့ဖို့ မလေးရှားအာဏာပိုင်တွေကို အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

စတီဖင်ဒူဂျာရစ်က “မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ အကြမ်းဖက်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ လက်ရှိအခြေအနေတွေဟာ လုံခြုံမှု၊ သိက္ခာရှိမှုနဲ့ ရေရှည်တည်တံ့မှုရှိတဲ့ ပြန်လည်ဝင်ရောက်ရေးအတွက် မဖြစ်နိုင်သေးဘူးလို့ UNHCR က အခိုင်အမာ ပြောကြားထားပါတယ်။ အထွေထွေအပြည်ပြည်ဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေအရနနဲ့ နိုင်ငံတိုင်း မပျက်မကွက် လိုက်နာရမဲ့ တာဝန်အရ ဖိနှိပ်ညှဉ်းပန်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကြီးမားတဲ့ အန္တရာယ် ဒါမှမဟုတ် အသက်အန္တရာယ်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ရနိုင်တဲ့ မည်သည့်နိုင်ငံကိုမျှ မည်သူ့ကိုမျှ အတင်းအဓမ္မ ပြန်မပို့ရပါဘူး”လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ အော်ပရာစီဖမ်းဆီးမှုကြောင့် ဖမ်းဆီးခံထားရသူ ၆‌၀,၀၀၀ ကျော်ရှိနေပြီး အဲဒီအထဲမှာ ၅၀ ရာခိုင်နှုန်းကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ အလုပ်သမားအ‌ရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013