ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ပဲခူးရိုးမပေါ်မှာ မတ်လ ၂ ရက်က စစ်ကောင်စီကားတစီး တိမ်းမှောက်ပြီး စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့မနက် ၄ နာရီလောက်မှာ မင်းလှ-မြို့ချောင်းလမ်း၊ ပဲခူးရိုးမပေါ် ခါချဥ်တောင် အနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကား သုံးစီးတက်လာရာမှာ ကား တစီးက မတော်တဆ တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။
ဒေသခံတဦးက ''အဲဒီနေရာက အရမ်းသေကြတာ။ တောင်ကလည်း အရမ်းမတ်တာ။ ဒါတောင် အခု NLD အစိုးရလက်ထက်မှာ နည်းနည်းဖြေထားတာ။ ကိုယ်တွေရွာက သေတဲ့သူတွေလည်း အဲဒိနားမှာ တော်တော်များတယ်။ အခုလည်းကားက ဘယ်လို လန်ကျသွားလဲတော့ မသိဘူး။ အသံက အဝေးကြီးက ကြားရတယ်။ ပထမတော့ ကိုယ်တွေ လူတွေကများ မိုင်းထောင် ထားသလားလို့ ထင်လို့ PDFတွေ မေးကြည့်တော့မှ ဘယ်သူမှ မိုင်းထောင် မထားကြဘူးတဲ့။ သူဟာသူ နောက်ကို ပြန်လျှောကျတာတဲ့။ ကားတစီးက လုံး၀ကို မှောက်သွားတာ။ ကားတစီးကို လူ ၄၀ လောက်တော့ ပါမယ်ထင်တယ်။ အဲဒါ ၅ ယောက်က ပွဲချင်းပြီးပဲ။ လူတော်တော် များများက ဒဏ်ရာတွေ ရကြတယ်”လို့ ပြောပါတယ်။
လတ်တလော သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို သာယာ၀တီဆေးရုံနဲ့ ရင်ခွဲရုံတွေကို ပို့ထားတယ်လို့ သိရတယ်။
စစ်ကောင်စီတပ်တွေက ရန်ကုန်ဘက်ကနေ မနက်အစောကြီးက တက်လာကြတာဖြစ်ပြီး မင်းလှ တာစုံကနေ ဝင်လာကာ ပဲခူးရိုးပေါ်ကို တက်လာကြတာလို့ သိရပါတယ်။