DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲမြို့နယ်တွင် ဒီရေတောသစ်ပင် ဧက ၁၀၀ စိုက်ပျိုးမည်
DVB
·
March 3, 2023
ရမ်းဗြဲမြို့နယ်တွင် ဒီရေတောသစ်ပင် ဧက ၁၀၀ စိုက်ပျိုးမည်
Donate to DVB

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ အာရှတိုက်ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ ဝန်ဖိုက်ဒီရေတောမှာ သစ်ပြုန်းတီးမှုတွေ ရှိနေတဲ့အတွက် ဒီရေရောက်သစ်တော ဧက ၁၀၀ စိုက်ပျိုးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လက စတင်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ စုစုပေါင်း ဒီရေတောဧက ၂,၅၅၀ စိုက်ပျိုးသွားမှာဖြစ်ပြီး အဲဒီအထဲမှာ ရခိုင်ရှိ ဝန်ဖိုက်ဒီရေတောမှာ ဧက ၁၀၀ စိုက်ပျိုးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို စိုက်ပျိုးရာမှာ တဧကကို ဒီရေပင် ၁,၂၁၀ အထိ စိုက်ပျိုးသွားမှာဖြစ်ပြီး ဒီရေတော သစ်မျိုးတွေဖြစ်တဲ့ ဖြူးခြေထောက်အဖို၊ ဖြူးခြေထောက်အမ၊ ဖြူအုပ်ဆောင်း၊ သမဲ့ကြီး၊ ဖြူးရွှေဝါ၊ ကနစိုး၊ လမု၊ လမဲ့၊ သေရာ၊ ပင်လယ်အုန်းနဲ့ အိတ်မသွယ် စတဲ့ သစ်မျိုးတွေကို စိုက်ပျိုးသွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်ရှိ အာရှတိုက်ရဲ့ ဒုတိယအကြီးဆုံး ဒီရေတောမှာ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေက သစ်ခိုးထုတ်မှု အများဆုံးရှိခဲ့ပြီး အရွယ်ရောက် အပင်ကြီးတွေ အားလုံးနီးပါး အခုတ်ခံခဲ့ရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး လှုပ်ရှားနေသူတွေက​ ဆိုပါတယ်။

လက်ရှိမှာ အရင်လောက် သစ်ခိုးထုတ်မှု မရှိတော့ပေမဲ့ အရပ်သားပြည်သူတွေ တပိုင်တနိုင် သစ်ခုတ်မှုတွေကို ပိတ်ပင်တားဆီးဖို့ ခက်ခဲနေတယ်လို့ ဝန်ဖိုက်တော ထိန်းသိမ်းရေးကော်မတီထံက သိရပါတယ်။

ဝန်ဖိုက်ဒီရေတောဟာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ တည်ရှိပြီး ဧရိယာ ၅၆,၆၃၃ ဧကကျယ်ဝန်းကာ အာရှတိုက်ရဲ့ ဒုတိယအကြီးဆုံး ဒီရေတောတခုဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်က သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီရေတောလည်း ဖြစ်ပါတယ်။

ဝန်ဖိုက်ဒီရေတောက ဒီရေပင်တွေကို ခိုးထုတ်မှုမရှိစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တခုကို ဒေသခံတွေက ပြီးခဲ့တဲ့နှစ်မှာ ဖွဲ့စည်းခဲ့ကြပေမဲ့ လက်ရှိမှာတော့ အဲဒီအဖွဲ့ဟာ ငွေကြေးအခက်အခဲကြောင့် ထိန်းသိမ်းရေးလုပ်ငန်းတွေ ရေရှည်မလုပ်ဆောင်နိုင်ဘဲ ရပ်နားထားရကြောင်း ဝန်ဖိုက် ဒီရေတောကာကွယ်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်တွေထံက သိရပါတယ်။

လက်ရှိမှာတော့ ရမ်းဗြဲမြို့နယ်အတွင်း ULA နယ်မြေတာဝန်ခံတွေနဲ့ ဖက်ကြပ်၊ ချောင်းနယ်၊ လက်ပံ၊ မရွတ်ချိန်၊ ရမ်းသစ်ချေ၊ ရမ်းသစ်ကြီး၊ အဝတောင် စတဲ့ ကျေးရွာတွေက ဒေသခံတွေ စုပေါင်းပြီး တနိုင်တပိုင် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013