DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ အစည်းအဝေးတက်ရန် စစ်ကောင်စီကော်မရှင်အား ဖိတ်ကြားမှု ကန့်ကွက်ရှုတ်ချ
DVB
·
March 2, 2023
ကမ္ဘာ့လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ အစည်းအဝေးတက်ရန် စစ်ကောင်စီကော်မရှင်အား ဖိတ်ကြားမှု ကန့်ကွက်ရှုတ်ချ
Donate to DVB

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို ဖိတ်ကြားတာဟာ မြန်မာပြည်သူလူထုကို စော်ကားလိုက်တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။

မတ်လ ၁၄ ရက်ကနေ ၁၆ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ဖို့ စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို ပွဲစီစဉ်သူတွေက ဖိတ်ကြားထားတာပါ။

ခုလုပ်ရပ်ဟာ အကြမ်းဖက်သတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူလူထုနဲ့ မိသားစုဝင်တွေကို မျက်ကွယ်ပြုပြီး စော်ကားတာဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ကိုဗစ်ကာလကတည်းက ငြိမ်ပြီးတော့ ကွာရန်တင်းဝင်ထားသလို အခုအချိန်မှာ စစ်အာဏာရှင်ကနေ ဒီလောက်အထိ ရက်ရက်စက်စက်လုပ်နေတာ တသံမှမထွက်ဘဲနဲ့ ငြိမ်နေတဲ့ ကော်မရှင်တရပ် ဖြစ်တယ်။ အလုပ်မလုပ်တဲ့ အလုပ်မဖြစ်တဲ့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ လူ့အခွင့်အရေးကော်မရှင်ကို အခုလိုဖိတ်ကြားခြင်းက မြန်မာပြည်သူလူထုကို စော်ကားလိုက်တာပဲ။ လူ့အခွင့်ရေးကော်မရှင် အမည်ခံပြီး လူ့အခွင့်အရေး မလုပ်ဆောင်တဲ့ ကော်မရှင်တရပ်ကို အခုလိုဖိတ်ကြားခြင်းက မြန်မာနိုင်ငံ လက်ရှိအခြေအနေ ဘယ်လောက်အထိ ဆိုးရွားနေတယ်ဆိုတာ မသိသလို၊ အလုပ်မလုပ်တဲ့ လူ့အခွင့်အရေးကော်မရှင်ကို ခေါ်ခြင်းက တကယ့်ကိုမှားယွင်းတဲ့ အကြောင်းအရာတခု ဖြစ်ပါလိမ့်မယ်။”

စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို နှစ်ပတ်လည်အစည်းအဝေးတက်ဖို့ ဖိတ်ကြားတာကို ပြန်ရုပ်သိမ်းဖို့ လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) နဲ့ အာရှဒေသ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) တို့ကလည်း ဖေဖော်ဝါရီလကုန်ပိုင်းမှာ ထုတ်ပြန် တိုက်တွန်းထားပါတယ်။

Synergy လူမှုသဟဇာတဖြစ်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက “ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်ရော ဦးသိန်းစိန်အစိုးရ လက်ထက်ရော ပြန်ကြည့်လို့ရှိရင် လူ့အခွင့်အရေးကော်မရှင်ဆိုတာ လူ့အခွင့်အရေးကို အပြည့်အဝ ကာကွယ်ခဲ့တဲ့ သာဓကတွေ မရှိခဲ့ဘူး။ လူ့အခွင့်အရေးကော်မရှင်ဆိုတာ စဖွဲ့ခဲ့ကတည်းကိုက စစ်တပ်နဲ့ အုပ်ချုပ်တဲ့သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ပြည်သူတွေရဲ့ လူ့ရပိုင်ခွင့် အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့သာဓက အင်မတန် နည်းခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူ့အခွင့်အရေးကော်မရှင်က ပိုပြီးဆိုးရွားတဲ့ ရပ်တည်ချက်ကို ရောက်သွားတယ်။ စစ်တပ်ကိုပဲ ကာကွယ်တယ်။ နိုင်ငံတကာကို လိမ်ဖို့အတွက် လုပ်ထားတဲ့ အင်စတီကျူးရှင်းတခု ဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား မြင်လာရတယ်။ စစ်ကောင်စီရဲ့ ရုပ်သေးအနေနဲ့ လုပ်ပေးနေတဲ့ လူ့အခွင့်အရေးကော်မရှင်ကို လူရာသွင်းခြင်းဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပျက်ရယ်ပြုလိုက်တာပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဂရုမစိုက်တာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို ဖိတ်ခေါ်မယ့်အစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖော်ဆောင်နေတဲ့ လွတ်လပ်တဲ့ အခွင့်အရေးကော်မရှင်အသစ် တည်ထောင်ရေးကို ပံ့ပိုးပေးသင့်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်း သုတေသီ ရဲဟိန်းအောင်က “မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် စစ်တပ်ဘက်က ရပ်တည်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်။ ဒီလိုအဖွဲ့အစည်းတခုကို ကမ္ဘာလုံးဆိုင်ရာအဆင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမိတ်အဖွဲ့က ဂျီနီဗာမှာကျင်းပမယ့် ဆွေးနွေးပွဲကို ဖိတ်ခေါ်ခြင်းသည် မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတွေ၊ မြန်မာပြည်ထဲမှာရှိနေတဲ့ လူမျိုးစုအသီးသီးအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ အဖွဲ့အစည်းတခုရဲ့ ကျောထောက်နောက်ခံနဲ့ ရပ်တည်နေတဲ့အဖွဲ့ကို အသိအမှတ်ပြုပြီး ဖိတ်ကြားခြင်းသည် ဖိနှိပ်ခံနေရတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတဲ့ ပြည်သူတွေကို စော်ကားတာလို့ ကျနော် ယူဆပါတယ်။ ပြတ်ပြတ်သားသားကို ကျနော်ကတော့ ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အတူ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်လက်ထက် လူ့အခွင့်အရေးကော်မရှင်မှာ စစ်တပ်အငြိမ်းစားအရာရှိတွေကို ထိပ်တန်းရာထူးနေရာတွေမှာ ထားခဲ့ပြီး အန်အယ်လ်ဒီအစိုးရ တက်လာချိန်မှာရော အခုလက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာပါ မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013