DVB Logo
Home
Lead Story
အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု
DVB
·
March 2, 2023
အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု
Donate to DVB

အရှေ့ အနောက်၊ တောင်မြောက်ဘယ်မှာ

မသိပါငြား၊ အာဏာသားသည်

မှန် မှား မသိ၊ ပြောဆိုမိပြီ

ဒီမိုကရေစီ မကောင်းကြောင်း။    ။

စစ်ကောင်စီက ပုဂ္ဂလိကကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှုကို မသင်ကြဖို့ ညွှန်ကြားချက်ထုတ်လိုက်တယ်။ စစ်ကောင်စီ အာဏာသိမ်းရတဲ့ ရည်ရွယ်ချက်မှာကိုက ဒီမိုကရေစီရွေးကောက်ပွဲမှာ မဲစာရင်းမှားပြီး ဒီမိုကရေစီနည်းမကျလို့ သိမ်းတာတဲ့။ စစ်ကောင်စီကပဲ ဒီစကားကို အကြိမ်ကြိမ်ပြောနေတယ်။ ဒါကြောင့် ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ထပ်လုပ်ဖို့ ပြင်နေတယ်တဲ့။ မင်းအောင်လှိုင်ကိုယ်တိုင် ပြောပြောနေတာ။ ဒီမိုကရေစီနည်းကျ ပါတီတွေ ပြန်ပြီး မှတ်ပုံတင်ကြပါတဲ့။ ဒီမိုကရေစီနိုင်ငံတော်ကြီးကို တပ်မတော်က တည်ဆောက်နေတာတဲ့။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတဲ့။ ဒီမိုကရေစီ။ ဒီမိုကရေစီ။ ဒီမိုကရေစီ။ ပြောနေတာကတော့ အကြိမ်ကြိမ်ပါ။

အခုနောက်ဆုံး အနောက်တိုင်းဒီမိုကရေစီကို မသင်ကြားရဘူးတဲ့။ ဘာတွေလဲ။ ဒီမိုကရေစီကို တည်ဆောက်နေပါတယ် ဆိုသူတွေက ဒီမိုကရေစီဘာသာရပ်ကို ကျောင်းမှာ မသင်ရဘူး ဆိုတော့ သူတို့က ဒီမိုကရေစီကို မကြိုက်မနှစ်သက်ဘူးဆိုတဲ့အဖြေ ထွက်လာတာပေါ့။ ဒီမိုကရေစီကို စစ်တပ်က မလိုလားဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပေါ့။ ဒီမိုကရေစီပညာရေးကို တပ်မတော်က ဆန့်ကျင်နေတာကို စာသူငယ်ကြား လင်းတနားသလို ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြနေကြတာပဲပေါ့။

အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု

အနောက်တိုင်းဆိုတာ ကမ္ဘာ့အနောက်ခြမ်းနိုင်ငံတွေကို ခေါ်တာပါ။ သတင်းတွေမှာ ပြောပြောနေတဲ့ အနောက်နိုင်ငံတွေလေ။ COLLINS အဘိဓာန်မှာတော့ (Western means in or from the west of a region, state, or country.) အနောက်ပိုင်း အနောက်ဘက်ဒေသနိုင်ငံ တိုင်းပြည်တွေကို အနောက်(တိုင်း) လို့ ခေါ်တယ်တဲ့။ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ (ရောမ)၊ ဂရိ စတဲ့ အနောက်နိုင်ငံတွေပေါ့။ ဒီနိုင်ငံတွေကိုကြည့်လိုက်ပါ။ ဒီမိုကရေစီတွေ ထွန်းကားနေတယ်။ အနောက်နိုင်ငံသားတွေဟာ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်ရနေကြတယ်။ တခြားနိုင်ငံတွေကိုလည်း ဒီမိုကရေစီရအောင် ကူညီနေကြတယ်။ သူတို့ရဲ့စာပေတွေဟာလည်း ဒီမိုကရေစီ စာပေတွေလေ။ ဒီစာပေတွေ မြန်မာပြည်က ကျောင်းတွေမှာသာ သင်လိုက်ရရင် ဒီမိုကရေစီရဲ့ ကောင်းကြောင်းတွေ သိသွားလိမ့်မယ်လို့ စစ်ဗိုလ်ချုပ်တွေ ယူဆကြမယ်ပေါ့။ စစ်တပ်အာဏာသိမ်းတာဟာ ဒီမိုကရေစီနဲ့ ပြဒါးတလမ်း သံတလမ်း ဆိုတာ မျိုးဆက်သစ် ကျောင်းသားတွေ သိကုန်ရင် ပြဿနာပေါ့။ ဒါကြောင့် ကျောင်းတွေမှာ သင်ခွင့်မပေးနဲ့လို့ အမိန့်ထုတ်လိုက်ပုံရပါတယ်။

ဒီမိုကရေစီဆိုတာ

ကျနော်တို့ ကျောင်းမှာ သင်ယူခဲ့ရတာကတော့ ဒီမိုကရေစီဆိုတာ ဒီမို = လူများစု ကရေစီ = အုပ်ချုပ်ရေး၊ လူများစုအုပ်ချုပ်ရေးလို့ အဓိပ္ပာယ်ရပါတယ်။ ရှေးအကျဆုံး ဒီမိုကရေစီက ဂရိမြို့ပြနိုင်ငံတွေက စတင်သုံးစွဲတယ်။ ကွင်းအကျယ်ကြီးထဲမှာ ပြည်သူတွေ အကုန်စုဝေးတယ်။ အုပ်ချုပ်သူ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ယောက်ကို ကွင်းထိပ် နှစ်ဖက်မှာ နေခိုင်းထားပြီး ကိုယ်ကြိုက်တဲ့ဘက် ရပ်ကြ။ ဒါဟာ မဲထည့်တာပဲ။ လူများတဲ့ဘက်ကလူက လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်။ ဒါကို တိုက်ရိုက်ဒီမိုကရေစီလို့ ခေါ်တာပါ့။ ကျနော်က နန်းခင်ထွေးမြင့် ဒီမိုကရေစီလို့ ခေါ်ချင်တယ်။ နန်းခင်ထွေးမြင့် ဒီမိုကရေစီဆိုတာက (ကရင်ပြည်နယ်ဝန်ကြီးချုပ် NLD လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစ အဖမ်းခံရတယ်။ သူ့ကိုသွားဖမ်းတဲ့ တပ်မှူးက မဲမသမာမှုကြောင့် ဖမ်းရပါတယ်တဲ့။ နန်းခင်ထွေးမြင့်က “မဲမသမာမှုရှိတယ်လို့ စစ်တပ်ကထင်ရင် ကျမက ရှင်နဲ့ပြိုင်ပြီး လျှို့ဝှက်မဲမဟုတ်ဘဲ ဗြောင်မဲစနစ်နဲ့ မဲပေးရွေးချယ်ခံဖို့ အဆင်သင့်ပဲ၊ ရှင်က ကွင်းဟိုဘက်ထိပ်ရပ်။ ကျမက ဒီဘက်ထိပ်ရပ်မယ်။ ဘားအံကလူတွေကို အကုန်လာခိုင်းပြီး ကြိုက်တဲ့သူဘက် ရပ်ခိုင်းလိုက်ပါ။ ဗြောင်မဲပေးကြည့်မလား) လို့ စိန်ခေါ်ခဲ့တယ်။ အနောက်တိုင်း ဂရိမြို့ပြနိုင်ငံက ရှေးအကျဆုံး တိုက်ရိုက်ဒီမိုကရေစီဟာ နန်းခင်ထွေးမြင့် ဒီမိုကရေစီနဲ့ အတူတူပါ။”

COLLINS အဘိဓာန်မှာတော့ (Democracy is a system of government in which people choose their rulers by voting for them in elections)

ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲကနေ မဲဆန္ဒရှင်တွေက အုပ်ချုပ်မယ့်သူတွေကို မဲပေးရွေးချယ်ပြီး အစိုးရဖွဲ့တဲ့ စနစ်ပါပဲ။ အစိုးရကို ပြည်သူက မဲပေးရွေးရပါတယ်။ မဲအပြတ်မနိုင်ရင် ညွန့်ပေါင်းအစိုးရဖြစ်တယ်။ ပါတီတခုတည်းက သောင်ပြိုကမ်းပြို အပြတ်အသတ်နိုင်ရင် သူတို့က လွှတ်တော်ခေါ်ခွင့် ရတယ်။ လွှတ်တော်ကနေ အစိုးရဖွဲ့တယ်။ အားကောင်းတဲ့ အစိုးရပေါ့။ ညွန့်ပေါင်းအစိုးရဆိုရင်တော့ အားမကောင်းဘူး။ မတည်ငြိမ်ဘူး။ ပြဿနာများတယ်။ ဒါပေမဲ့ ညွန့်ပေါင်းအစိုးရလည်း ဒီမိုကရေစီအစိုးရပဲ။ အာဏာသိမ်း စစ်အစိုးရလိုတော့ လူ ၃,၀၀၀ ကျော် သတ်မပြစ်။ ရွာတွေကို မီးမရှို့ရဲဘူး။ နောက်တကြိမ် ရွေးကောက်ပွဲ ငါးနှစ်မှာ သူ့ပါတီကို လူထုက မဲထည့်ချင်အောင် ကောင်းတာတွေ လုပ်ပြရတယ်။

ဒီမိုကရေစီအစိုးရ ၁၉၉၀

ဒီမိုကရေစီအစိုးရ ဖြစ်ချင်သလား။ ရွေးကောက်ပွဲတွေကို ဖြတ်ကျော်ရမယ်။ နိုင်ရင် အစိုးရလုပ်ပေတော့ ငါးနှစ်။ ရှုံးရင် ငါးနှစ်ပြန်စောင့်၊ ပြန်ကြိုးစား၊ လူထုကိုစည်းရုံးပြီး ကောင်းတာတွေ ပြန်လုပ်။ နောက်ရွေးကောက်ပွဲအတွက်။ အခုတော့ ဒီလိုမလုပ်ပါ။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးမှာ NLD က အပြတ်အသတ်နိုင်ခဲ့တယ်။ စစ်တပ်ပါတီ တစညပါတီက အပြတ်အသတ်ရှုံးခဲ့တယ်။ လွှတ်တော်ခေါ်မပေးဘူး။ အစိုးရဖွဲ့ခွင့်မပေးဘူး။ စစ်တပ်က မဲနိုင်ကိုယ်စားလှယ်တွေကို ဖမ်း သတ် ထောင်ချ ပြည်ပထွက်ပြေးကြသူတွေလည်းရှိ။ ဒီမိုကရေစီအစိုးရလည်း ဖွဲ့ခွင့်မရခဲ့ပေါ့။ စစ်တပ်က ဒီမိုကရေစီမကြိုက်တာ လူတိုင်းသိပါတယ်။ အခုလို ဒီမိုကရေစီဘာသာရပ်ကို ကျောင်းမှာ မသင်ရဘူးလို့ အမိန့်ထုတ်ပြန်ပြီ။ စစ်တပ်က မကြိုက်တာ ဒီမိုကရေစီပါ။ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ဒီမိုကရေစီ မသင်ကြားရေး စစ်တပ်အရေး။

ဟန်ပြဒီမိုကရေစီအစိုးရ ၂၀၁၀

ယူနီဖောင်းချွတ်

တိုက်ပုံဝတ်

ဇွတ်ဖွဲ့အစိုးရ။    ။

၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲ၊ မဲလိမ်၊ မဲခိုး၊ အကြောက်တရား ဖိအားပေးတွေနဲ့ အနိုင်ယူပြီး ဇွတ်အစိုးရ လုပ်သွားပါတယ်။ ဦးသိန်းစိန် ဦးဆောင် ၂၀၁၀ ရွေးကောက်ပွဲအတုက ပေါက်ဖွားလာတဲ့ အစိုးရဟာ ဒီမိုကရေစီအစိုးရ မဟုတ်ပါ။ အတုအယောင် ဒီမိုကရေစီအစိုးရ။ ဟန်ပြ ဒီမိုကရေစီအစိုးရပါ။ ထင်ရှားအောင်ပြပါ့မယ်။ နာဂစ်မုန်တိုင်းအပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူ ၉၉ ရာခိုင်နှုန်းက ထောက်ခံမဲပေးသွားခဲ့တယ်ဆိုပြီး ညာခဲ့တယ်။ စစ်တပ် အာဏာသိမ်းခွင့်တွေ ထည့်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲလုပ်တယ်။ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကလည်း ယူထားသေးတယ်။ မဲရွေးပြီးညမှာမှ ကြိုတင်မဲအိတ်တွေ တသုတ်ပြီးတသုတ် ထပ်ရောက်လာပြီး မဲပေါင်းထည့်ပြီး နိုင်တာတွေက အများကြီး။ ဒီမိုကရက်ပါတီဥက္ကဋ္ဌ ဦးသုဝေဆို ည ၈ နာရီမှာ မဲအပြတ်အသတ်နိုင်ထားပြီးမှ နောက်ထပ်ရောက်လာတဲ့ ကြိုတင်မဲတွေကြောင့် ရှုံးခဲ့ရတာကလား။ ဒီကိစ္စကို ဦးသုဝေက ခဏခဏပြောတယ်။ အလားတူ ဦးသုဝေတွေ အများကြီးပါ။ ဒီနည်းနဲ့ စစ်တပ်ပါတီ ကြံ့ဖွတ်ဟာ နိုင်ခဲ့တယ်။ သူတို့ဟာ ဒီမိုကရေစီအစိုးရ မဟုတ်ပါ။ ဒီလိုဗဟုသုတတွေဟာ အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှု သင်ရိုးညွှန်တန်းတွေမှာ ပါတယ်။ ဒါတွေကို မသိစေချင်ဘူး။ ဒါကြောင့် စစ်ကောင်စီက ကျောင်းမှာ ဒီမိုကရေစီမသင်ဖို့ တားမြစ်တာ။

ဒီမိုကရေစီအစိုးရ ၂၀၁၅

၂၀၁၅ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိုင်တယ်။ ဒီမိုကရေစီအစိုးရ ဖြစ်လာတယ်။ ဒါတောင်မှ ၂၀၀၈ ဖွဲ့စည်းပုံကြီးက ကန့်လန့်ကန့်လန့်။ လွှတ်တော်အသီးသီးမှာ စစ်တပ်ကိုယ်စားလှယ် အစိတ်သားက အမိန့်သားကြီး ဝင်ထိုင်နေသေးတာ။ အာဏာလွှဲချိန်မှာဆို အဖုအထစ်တွေက ရှိခဲ့သေးတာ။ စစ်တပ်ပါတီ ကြံ့ဖွတ်က ရှုံးခဲ့တာကိုး။ မန္တလေးတိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ရဲမြင့်ကဆိုရင် အာဏာတောင် လာလွှဲမပေးဘူးဗျ။ ဝန်ကြီးချုပ်သစ် ဒေါက်တာဇော်မြင့်မောင်က သူ့ဘာသာသူ ဝန်ကြီးချုပ်ထိုင်ခုံကို ဝင်ထိုင်ရတာ။ CDM တပ်မတော်သားတွေ အပြောအရ အဲ့သည်ကတည်းက စစ်တပ်က အာဏာသိမ်းချင်နေတာ။ နောက်တော့မှ NLD အစိုးရ လုပ်ကြည့်ပါဦး။ သူ့ဘာသာသူ ပျက်သွားမှာပါ။ မအုပ်ချုပ်နိုင်ပါဘူးဆိုပြီး အထင်သေးစွာ၊ လွှဲလိုက်ပါသည်၊ အာဏာငါးနှစ်၊ စောင့်ကြည်ရစ်ကြဆိုပြီး လွှဲလိုက်တာတဲ့။ သူတို့တပ်ထဲကလူတွေ ပြန်ပြောပြတာပါ။ NLD က ၅ နှစ် မောင်းနှင်ပြလိုက်တော့ စစ်တပ်က သိပ်ကြောက်သွားတယ်။ ဒါပေမဲ့ နည်းမျိုးစုံနဲ့ နှောင့်ယှက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲတွေပျံ့သွားအောင် စီစဉ်ပြီး ညွန့်ပေါင်းအစိုးရကို မှန်းပြီး ရွေးကောက်ပွဲလုပ်ပေးလိုက်တာလို့ ဆိုတယ်။ အဲဒီမှာ NLD က အပြတ်အသတ် ပိုပြီး နိုင်ပြန်တော့ ကြောက်သည်မက ကြောက်လာပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ မှာ သိမ်းတာပါ။ လူထုက မဲပေးရွေးချယ်တာဟာ ဒီမိုကရေစီအစိုးရပဲ။ အာဏာသိမ်းတာဟာ ဒီမိုကရေစီ အမှောင်ကျတာပဲ။ ဒီမိုကရေစီ သင်ရိုးညွှန်းတန်းမှာ အဲ့သည်အချက်အလက် သဘောတရားတွေ ပါတယ်။ ဒါကြောင့် စစ်တပ် စစ်ကောင်စီက ကျောင်းသင်ရိုးမှာ အနောက်တိုင်းဒီမိုကရေစီ ယဉ်ကျေးမှုကို မသင်စေချင်တာပဲ ဖြစ်ပါတယ်။

အရှေ့အလယ်အနောက်တိုင်းဒီမိုကရေစီ

လူထုရွေးကောက်၊ ဝိုင်းတင်မြှောက်၊

အနောက်တိုင်း ဒီမိုကရေစီ။

လူထုရွေးချယ်၊ တင်မြှောက်တယ်

အလယ်တိုင်း ဒီမိုကရေစီ။

လူထုကြိုက်ပေ့၊ ရွေးဓလေ့

အရှေ့တိုင်း ဒီမိုကရေစီ။

ဒီမိုကရေစီ၊ အများညီသော်

တိုင်းပြည်ခေါင်းဆောင် ဖြစ်ပါသည်။ ။

မောင်တူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013