Home
မြန်မာသတင်း
ဘုတ်ပြင်း၌ ၂ လအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၃ ဦး ရှိလာ
DVB
·
March 1, 2023

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း အမည်မသိလက်နက်ကိုင်တစုက ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၃ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါဖြစ်စဉ်တွေထဲမှာ ဇန်နဝါရီ ၁၄ ရက်က ရွာဟေ့လူ-နမ်မတွန်အကြားလမ်းမှာ အမည်မသိလက်နက်ကိုတစုက အမျိုးသား ၈ ဦးကို အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်တွေ ပါဝင်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့မှာလည်း အမည်မသိလက်နက်ကိုင်တစုက ချောင်းကဖက်ရွာအုပ်ချုပ်ရေးမှူးအပါအဝင် တောင်ငယ်ရွာသားတဦးနဲ့ လေညာရွာသားတဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ချောင်းကဖက်ရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ ကျန်ရွာသားနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဘုတ်ပြင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက  “ဘုတ်ပြင်းမြို့နယ်မှာ ဖြစ်သွားခဲ့တဲ့ အမည်မသိလက်နက်ကိုင်တစုရဲ့ ဖမ်းဆီးသတ်ဖြတ်တာနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း စုံစမ်းဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့မှာလည်း ချောင်းမွန်ရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့အချိန်ထိ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ချောင်းမွန်ရွာသားနှစ်ဦးကို KNLA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပေမယ့် ဒီဖြစ်စဉ်တွေအားလုံးနဲ့ ပတ်သက်ပြီး အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“ကျနော်တို့က ပြည်သူတွေကိုပဲ အားကိုးနေရတာ။ ပြည်သူတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ယုံကြည်မှုပျက်စီးသွားတာမျိုးမဖြစ်စေချင်ဘူး။ လုပ်တဲ့အဖွဲ့အစည်းကလည်း သူတို့လုပ်ကြောင်း ပြည်သူတွေအပေါ် ရှင်းလင်းမြင်သာအောင် ချပြသင့်ပါတယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူအများစုဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေအပါအဝင် စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့သူတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024