
ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အ၀တောင်ကျေးရွာပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်အာဏာရှင်တပ်က အထိနာပြီး စစ်ကြောင်းပြို နောက်ဆုတ်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကနေ အဝတောင်စခန်းကနေ နယ်ကျွံပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေထဲကို အင်အားရာနဲ့ချီထိုးလာတဲ့ စစ်အာဏာရှင် စစ်ကြောင်းဟာ AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပြိုကာ ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ဆုတ်သွားခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“သူတို့ တပ်စွဲထားတဲ့ အဝတောင်စခန်းကနေ AA နယ်မြေထဲ နယ်ကျွံလာတာ။ AA ကလည်း လာမလားဆိုပြီး စောင့်ပြီးတိုက်တာ စစ်ကြောင်းပြိုပြီး ဖရိုဖရဲထွက်ပြေးသွားရတယ်။”
စစ်အာဏာရှင်တပ်ဘက်က အထိနာအကျဆုံးများတဲ့အတွက် အဝတောင်ရွာအနီးနားဝန်းကျင် တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့နေရာတွေကို လေကြောင်းကနေ ဒရုန်း၊ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ ကျောက်ဖြူဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“၁၁ ရက်ကနေ ဒီနေ့အထိ ဒရုန်းတွေနဲ့ ဗုံးကြဲတယ်။ နေဗီကနေလည်း ပစ်တယ်။ တိုက်ပွဲ အပြန်အလှန် ပစ်ခတ်တုန်းပါ။”
လက်ရှိမှာ နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေကို သူတို့ရဲ့ အဝတောင်စခန်းကနေ ထပ်မံစစ်ကူပေးပြီး AA ကို ပြန်တိုက်နေတဲ့အတွက် အဝတောင်ရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။










