DVB Logo
Home
မြန်မာသတင်း
စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ အယောက် ၃,၀၇၀ ကျော်ထိ မြင့်တက်
DVB
·
February 28, 2023
စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ အယောက် ၃,၀၇၀ ကျော်ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၀၇၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၉၃၆ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၀၇၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၄,၆၈၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၃၇ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၃ နာရီလောက်က အကြမ်းဖက်စစ်အုပ်စု တပ်မ ၄၄၊ ၆၆၊ ၇၇ ပူးပေါင်းတပ်တွေက ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာရှိ နေအိမ်တွေမှာ ရှိနေတဲ့ မသူဇာနွယ် (ခ) မေကဒိုးနဲ့ မတူးတို့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၃ နာရီလောက်ကလည်း အကြမ်းဖက်စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငပေါက်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးမှာ ရွှေတူးဖော်နေကြတဲ့ အရပ်သားတွေကို တိုက်လေယာဉ် ၁ စီးနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိုးစစ်ကျေးရွာက အမျိုးသား ၁ ယောက်နဲ့ ပေါက်ကုန်းကျေးရွာက အမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013