DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ပင်လောင်းတွင် တိုက်ပွဲပြင်းထန်၊ ပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
DVB
·
February 28, 2023
ရှမ်းပြည်နယ် ပင်လောင်းတွင် တိုက်ပွဲပြင်းထန်၊ ပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်ထဲမှာ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ စစ်ကောင်စီလက်အောက်ခံတပ် ပူးပေါင်း PNO ပအိုဝ်းပြည်သူ့စစ်တွေကြားတိုက်ပွဲဖြစ်ပွားနေပြီး ရွာသားတွေ ထိခိုက်သေဆုံး ပျောက်ဆုံးသူ ရှိသလို အနီးနားတဝိုက် ရွာပေါင်း ၆ ရွာက ပြည်သူ ၃,၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က KNDF အဖွဲ့ဝင်တွေဟာ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာ အနီး လုံးပျဉ်ရွာနဲ့ တောင်မဲသင်းရွာကြား လမ်းမကြီးပေါ်က စစ်ကောင်စီတပ်နဲ့ PNO တွဲဘက်နေနေတဲ့ စခန်းကိုရော ပင်ပုံရွာနားက စစ်ကောင်စီစခန်းကိုပါ ဝင်တိုက်ခဲ့လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ရွာသားတွေပါ ထိခိုက်နေရတာလို့ ပင်လောင်းဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တောင်မဲသင်းရွာသားတချို့ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေပြီး မနေ့တုန်းက သူတို့အိမ်မှာကျန်ခဲ့တဲ့ စောင်နဲ့ အဝတ်အစားတွေ ပြန်လာယူမယ်ဆိုပြီး ရွာသား ၃ ယောက် ပျောက်နေတယ်။ နောက်တော့ သူတို့ ၃ ယောက်ကို တောထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့တယ်။ အဲဒါတော့ တမင်ပစ်သတ်ခံရတဲ့ ပုံစံလို့ သွားတွေ့တဲ့လူတွေက ပြောတယ်။ အခုလောလောဆယ်လည်း နောက်ထပ်ရွာသား ၃ ယောက် ပျောက်နေတယ်။ သူတို့က ဘုန်းကြီးကျောင်းမှာ လာအိပ်ပြီး အိမ်ခနပြန်ကြည့်မယ် ဆိုပြီး ပေါ်မလာတော့ဘူး။ အဲဒါကလည်း တောင်မဲသင်းရွာကပဲ။”

စစ်ကောင်စီဘက်က KNDF တွေ ရှိနေမယ်လို့ ထင်ရတဲ့ ရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လှမ်းပစ်နေတာမှာ တောင်မဲသင်းရွာထဲကို လက်နက်ကြီးကျလို့ အိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။ 

အဲဒီရွာမှာပဲ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရွာသား ၁ ယောက် ကျည်ထိမှန်ခဲ့တဲ့အကြောင်းနဲ့ ၂၄ ရက်နေ့မှာတော့ တောင်စလုံးရွာမှာ လက်နက်ကြီးကျလို့ အသက် ၄၀ ကျော် အမျိုးသမီးတယောက် ဘုန်းကြီးကျောင်းကို စစ်ဘေးရှောင်ဖို့သွားနေတုန်း ရွာလမ်းမှာ ကျည်ထိပြီး ဆုံးသွားတယ်လို့ သိရပါတယ်။

တောင်မဲသင်းရွာဟာ အိမ်ခြေ ၁,၀၀၀ လောက်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး အသက်ကြီးတဲ့ အဘိုးအဘွားတွေကလွဲလို့ ကျန်တဲ့သူတွေအကုန် ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

တောင်မဲသင်းရွာအပြင် ပင်ပုံ၊ လုံးပျဉ်၊ တောင်စလုံး၊ မြောက်စလုံးနဲ့ နန်းနိန် စတဲ့ ရွာပေါင်း ၆ ရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အဲဒီရွာဟာ အိမ်ခြေ ရာဂဏန်းအထက်ရှိ ရွာကြီးတွေဖြစ်တာကြောင့် စစ်ဘေးရှောင်တွေ ၃,၀၀၀ ခန့်ရှိမယ်လို့  စေတနာ့ဝန်ထမ်း ကူညီနေတဲ့အဖွဲ့က ပြောပါတယ်။

သူတို့တွေဟာ ပင်လောင်းမြို့ပေါ်ရပ်ကွက်က ဘုန်းကြီးကျောင်းနဲ့ တခြားကျေးရွာ ဘုန်းကြီးကျောင်း ၉ ကျောင်းလောက်မှာ ခိုလှုံနေသလို ဆွေမျိုးနီးစပ်အိမ်တွေမှာ သွားနေကြတာလည်း ရှိပါတယ်။

ဒါကြောင့် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အမြန်ဆုံး အကူအညီလိုအပ်နေပြီး စေတနာရှင်တွေအနေနဲ့ ဖုံးနံပါတ် ၀၉၄၄၄၁၄၄၆၄၄၊ ၀၉၄၄၄၁၄၄၆၄၄၊ ၀၉၇၇၇၅၈၁၂၁၈ တွေဆီ ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013