DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်၊ ဒေသခံ ၆၀၀ ကျော် တိမ်းရှောင်
DVB
·
February 28, 2023
ကေအန်ယူနယ်မြေတွင် စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်၊ ဒေသခံ ၆၀၀ ကျော် တိမ်းရှောင်
Donate to DVB

ကေအန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၆၀၀ ကျော်လောက် အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီတပ်တွေဟာ ကေအန်ယူ-မူးမြို့နယ် စီမံအုပ်ချုပ်မှု နယ်မြေထဲက ညောင်ပင်သာကျေးရွာထဲကို ဝင်ရောက်လာခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးကျည်စတွေ ပခုံးမှာ ထိမှန်ပြီးနောက် တောင်ငူဆေးရုံဆီ ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေလည်း လက်နက်ကြီး ထိမှန်ကာ ပျက်စီးခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာအတွင်း မနေရဲတော့ဘဲ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နောက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က တစ်အိမ်ဝင်တစ်အိမ်ထွက်ဝင်ရောက်မွှေနှောက်ကာ တွေ့ရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေက စိုးရိမ်စရာ ဖြစ်နေပြီး ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ  ခိုလှုံနေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်နေပြီး တဆက်တည်းမှာပဲ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အနှံ့အပြားက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတွေပိုမို တင်းကျပ်ထားတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေဆီကို ရောက်ရှိအကူအညီပေးနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ၊ အိုးအိမ်စွန့်စွာတိမ်းရှောင်ရတာတွေနဲ့ အရပ်သားပိုင် အိုးအိမ်ပျက်စီးဆုံးရှုံးတာတွေ ဆက်လက်ဖြစ်ပွားနေပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ ကုလသမဂ္ဂနောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ရသူ ၃၆၁,၀၀၀ အထိ များလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  

နိုင်ငံတဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ သန်းခွဲကျော် ရှိလာပြီဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရသူတွေလို ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013