
ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း တွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သက်ကြီးရွယ်အို တစ်ယောက်အပါအဝင် စစ်ဘေးရှောင် ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ချယ်ရီကုန်းကျေးရွာနားမှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီ လောက်က စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင်ပြည်သူ နေထိုင်တဲ့ နေအိမ်တခုအတွင်း ကျရောက်ပြီး ထိခိုက်သေဆုံးခဲ့တာလို့ စစ်ရှောင် တဦးက ပြောပါတယ်။
“ကျမနေတဲ့နေရာနဲ့ တဖာလုံလောက်ပဲ အဲဒီမှာ တလုံးကျတယ်။ အိမ်ထဲ ကျတာ။ အဲဒီမှာ လင်မယား ၂ ယောက်ထိသွားတယ်။ မိန်းမက ပွဲချင်းပြီးသွားတယ်။ ယောကျ်ားကလည်း ဘယ်ဘက် လက်မောင်းကျိုးသွားတယ်။ ဒဏ်ရာပြင်းထန်လို့ ဆေးရုံ ပို့ရတယ်။”
မနေ့ညကလည်း စစ်ရှောင်တွေ နေထိုင်တဲ့ ရွာတွေဆီကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ၆ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မနေ့ မွန်းတည့်ကလည်း ဘောလခဲမြို့အခြေစိုက် စစ်တပ်က ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ တစ်ရွာကိုလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာခဲ့တဲ့အနက် အသက် ၇၀ အရွယ် အဘိုးအို တယောက် ဆေးခန်း ပို့စဉ်လမ်းမှာ သေဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။
မနေ့က တရက်တည်းမှာပဲ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့ အခြေစိုက်တပ်တွေက ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့လို့ ဖရူဆိုမြို့နယ်က ကျေးရွာ တစ်ရွာမှာ နေအိမ် ၁ လုံး နဲ့ ဒီးမော့ဆိုအရှေ့ခြမ်းက ကျေးရွာတွေမှာ နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး တိရစ္ဆာန်တချို့လည်း ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Photo-KNDF