DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က မြင်းမူမြို့နယ်တွင် PDF ရဲဘော် ၂ ဦးကို ခေါင်းဖြတ်သတ်၊ ပေါက်မြို့နယ်၌ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်
DVB
·
February 27, 2023
စစ်ကောင်စီတပ်က မြင်းမူမြို့နယ်တွင် PDF ရဲဘော် ၂ ဦးကို ခေါင်းဖြတ်သတ်၊ ပေါက်မြို့နယ်၌ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း ဖေဖော်ဝါရီ ၂၇ ရက်က PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးကာ ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၆ ရက်က အရာတော်မြို့နယ်အတွင်းကို လေယာဉ်နဲ့ချသွားတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်း ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “စစ်ကြောင်းက အရာတော်ကနေ ညောင်ရင်းရွာကို စပြီး စစ်ကြောင်းထိုးလာတယ်။ အဲ့ရွာကနေ ကျနော်တို့နဲ့ တိုက်ပွဲထပ်ဖြစ်တယ်။ အနီးကပ်တိုက်ပွဲလို့ ပြောလို့ရတယ်။ အဲ့တိုက်ပွဲမှာလည်း သူတို့ဘက်က အကျအဆုံးရှိတယ်။ ကိုယ့်ဘက်ကလည်း ၂ ဦး အဖမ်းခံရတယ်‌။ အဲဒီ အဖမ်းခံရတဲ့ကလေးတွေကို ကန်တော်ရွာက ဘုန်းကြီးကျောင်းထဲ ခေါ်လာပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ခေါင်းဖြတ်သတ်ထားခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက် ၉ နာရီကနေ ညနေ ၇ နာရီအထိဖြစ်ပွားခဲ့တဲ့ ကန်တော်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၇ ဦးကျဆုံးပြီး ပြည်သူ့ကာကွယ်ရေးဘက်က ၂ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ကန်တော်ရွာတိုက်ပွဲမှာ စစ်ကောင်စီက ကန်တော်ရွာက ဘုန်းတော်ကြီးကျောင်း နှစ်ကျာင်းနဲ့ Zero ပြောက်ကျားတပ်ဖွဲရဲ့ စခန်းကိုပါ မီးရှို့ထားခဲ့တာကြောင့် သိန်းပေါင်း ၃၀၀ ကျော် ဆုံးရှုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သဖန်းချောက်ရွာက ပြည်သူတွေရဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ ​ဒေသခံတွေ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ဖေဖော်ဝါရီ ၂၆ ရက်မှာ စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။

သဖန်းချောက်ရွာကို မနက် ၈ နာရီခွဲလောက်မှာ တပ်မ ၁၀၁ ထဲက ထွက်လာတဲ့ အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်​ကြောင်းဟာ ရွာထဲကို သေနတ်ပစ်ဖောက် ရောက်လာပြီး စားသောက်ကုန်တွေနဲ့ တိရစ္ဆာန်တွေကို ဖျက်ဆီး စားသောက်သွားတာလည်း ဖြစ်ပါတယ်။

Successful Force-Pauk အဖွဲ့မှ တာဝန်ရှိသူတဦးက “သဖန်းချောက်ကျေးရွာက တခါမှ စစ်ကြောင်းမဝင်ဘူးသေးတဲ့ရွာ။ အခုအကြိမ်မှာပဲ ဝင်ရောက်ပြီး အ​တော်လေး ဖျက်ဆီးသွားတယ်။ ဆိတ် ၂ ကောင်၊ ဝက် ၂ ကောင်နဲ့ ကြက် ၁၃ ကောင်လည်း သတ်ပြီး စားသွားတယ်” လို့ ပြောပါတယ်။

သဖန်းချောက်ရွာက စစ်ကြောင်းနဲ့ဆုံတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦးဆီကလည်း ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတချို့ ယူဆောင်သွားပြီး ဇီးဖြူကုန်းရွာက နွားကျောင်းသားနှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းလာတဲ့အချိန် ရွာထဲက အမျိုးသမီးတယောက်နဲ့တွေ့လို့ လက်ဝတ်ရတနာတွေ ချွတ်ပေးလိုက်တယ်။ လူကိုတော့ ဘာမှအန္တရာယ် မလုပ်သွားဘူး။ သဖန်းချောက်နဲ့ ဇီးဖြူကုန်းက ကုန်းလေး ၂ ကုန်းလောက်ပဲဝေးတာ၊ အခုတော့ နွားကျောင်းသားနှစ်ယောက် ပြန်လွတ်လာပြီ။”

ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာလည်း ကျားပစ်ကန်ကျေးရွာနေ အမျိုးသမီးတဦးဆီက နားတောင်းနဲ့ ဖုန်းတွေ ယူဆောင်းသွားပြီး ရွာသား ၂ ဦးကိုလည်း လမ်းပြအဖြစ် ခေါ်ဆောင်သွားကာ အခုလို စစ်ကြောင်းထိုးတာကြောင့် သဖန်းချောက်ရွာ အပါအဝင် အနီးရှိ ရွာက ဒေသခံပြည်သူ ၁,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013