DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ပတ်စ်ပို့နှင့် အလုပ်သမားကတ်လုပ်ခ စျေးနှုန်းများ စစ်ကောင်စီသံရုံး တိုးမြှင့်ကောက်ခံ
DVB
·
February 27, 2023
ထိုင်းတွင် ပတ်စ်ပို့နှင့် အလုပ်သမားကတ်လုပ်ခ စျေးနှုန်းများ စစ်ကောင်စီသံရုံး တိုးမြှင့်ကောက်ခံ
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာတွေ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ အသစ်ပြုလုပ်လိုပါက မတ်လ ၁ ရက်ကစပြီး အရင် ပတ်စ်ပို့စာအုပ်ကြေး ဘတ် ၈၀၀ ကနေ ၁၂၅၀ ဘတ် စျေးနှုန်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထိုင်းနိုင်ငံဘန်ကောက် မြန်မာသံရုံးက ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာပါတယ်။

အခုလို စျေးနှုန်း ပြောင်းလဲတာကြောင့် နဂိုကတည်းက မူရင်းစျေးထက် ၁၀ ဆ လောက် ကွာတဲ့ ပတ်စ်ပို့စာအုပ် ပြင်ပပေါက်စျေးတွေဟာ ဒီထက် စျေးပိုတက်နိုင်ပြီး ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် ပိုပြီး အခက်အခဲကြုံရတဲ့ အနေအထားမျိုးဖြစ်တယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

"နဂိုစျေးနှုန်း မတက်ခင်တုန်းကတောင် ဘဏ်မှာ သွားသွင်းရတာ ၈၀၀ ဆိုပေမယ့် တကယ်တမ်း အေးဂျင့်တွေကို ရှင်းပေးရတာ ၄၇၀၀ ကနေ ၇၅၀၀ လောက်အထိ ဖြစ်နေတယ်ဆိုတော့ မူလစျေးမှာတောင် လုပ်သားတွေက အဲ့လောက်ထိ ကြီးမြှင့်တဲ့ဒဏ်ကို ခံနေရရင် အေးဂျင့်တွေက ဒီထက်ပို တက်ဖို့ရှိတယ်ဆို လုပ်သားတွေက ဒီထက်ပိုဆိုးကျိုးရှိတယ်ပဲ မြင်တယ်"လို့ အလုပ်သမားအရေးဆောင်ရွက်သူတဦးကပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က"အလုပ်သမားတွေရဲ့ သဘောသဘာဝက ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ဖို့အတွက် တရားဝင် စာရွက်စာတမ်း အထောက်အထားမရှိရင် သူတို့အတွက် အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်း ရှားသွားတဲ့အတွက် ဖြစ်လာမှတော့ မထူးတော့ဘူး။ မဖြစ်ဖြစ်အောင် လုပ်ကြမှာပါ။ အလုပ်အကိုင်ရဖို့က တရားဝင် အထောက်အထားရှိမှ အလုပ်ရှင်တွေ ခေါ်ကြတော့ မဖြစ်ဖြစ်အောင် လုပ်ကြမှာပေါ့"လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း PJ ပတ်စ်ပို့ သက်တမ်းကုန်တဲ့ လုပ်သားတွေကို ထိုင်းအစိုးရအဖွဲ့နဲ့ ဘန်ကောက် မြန်မာသံရုံးတို့က နောက်ထပ် ၃ လ ဆက်လက် နေထိုင် အလုပ် လုပ်ကိုင်ခွင့်ပြုခဲ့ပြီး သက်တမ်းတိုးကိစ္စကိုတွေကို မေလ ၁၃ ရက်နေ့အထိ တိုးမြှင့်ပေးထားပါတယ်။

ဒါပေမဲ့ အချိန်တိုးမြှင့် ပေးထားတဲ့ ၃ လအတွင်းမှာ သက်တမ်းတိုးရမယ့် အလုပ်သမား အရေအတွက် ၂ သန်းကျော်ရှိနေတာကြောင့် အချိန်မီ ပြီးပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ထိုင်းရောက် ပတ်စ်ပို့အကျိုးဆောင်တဦးက "ဒီအချိန်မှာ သူတို့လုပ်တိုင်း ကိုယ်တွေ ခံနေရတဲ့အခြေအနေပေါ့။ သူ့ဟာနဲ့သူ ပိုက်ဆံပေးပြီး လုပ်လို့ရတဲ့ အနေအထားမှာ ကျမတို့က သည်းခံပြီး လုပ်နေရတဲ့အခြေအနေပေါ့။ သူတို့ ဘယ်လောက်ပဲ စျေးကြီးကြီး လုပ်လုပ်နေနေ ပိုက်ဆံပေးပြီး လုပ်နေရတာကို တော်သေးတယ်ဆိုပြီး လုပ်နေရတဲ့ အခြေအနေပေါ့။ ၈၀၀ တန်စာအုပ်ကို ၈၀၀၀၊ ၉၀၀၀ အထိ ပေးပြီး လုပ်ပေးပြီးသွားပြီ။ အရင်အစိုးရလက်ထက်မှာ မဟုတ်တာ ဘာမှမလုပ်ရဲဘူး။ အသံ စီခနဲထွက်တာနဲ့ ချက်ချင်း ပြင်ရတာ။ အခုက ပြောချင်တာ ပြော ဂရုမှ မစိုက်တာ။ သူတို့ လုပ်ချင်ရာ လုပ်နေတာ။ လုံးဝ ခေါင်းနဲ့ပန်း ကွာသွားတာ"လို့ ဒီဗွီဘီကို ပြောပါတယ်။

PJ ပတ်စ်ပို့စာအုပ်အသစ်အတွက် စာအုပ်ကြေး ၁၂၅၀ ဘတ်နဲ့ OWIC ကတ် ၂၅၀ ဘတ်၊ စုစုပေါင်း ၁၅၀၀ ဘတ်ကို သက်ဆိုင်ရာ ဘဏ်စာရင်းဆီ ပေးသွင်းရမယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ လက်တွေ့မှာတော့ ပတ်စ်ပို့ စာအုပ်ပြုလုပ်ခ ပြင်ပ ပေါက်စျေးနှုန်းတွေဟာ အနိမ့်ဆုံး ၄၇၀၀ ဘတ်ကနေ အမြင့်ဆုံး ဘတ် ၇၅၀၀၊ ၈၀၀၀၊ ၉၀၀၀ အထိ ရှိနေတာပါ။

ထိုင်းရောက် မြန်မာလုပ်သားတွေဟာ နှစ်စဉ် အလုပ်ကိုင်လုပ်ခွင့်အတွက် ဘတ်ငွေ ထောင်ဂဏန်းကနေ သောင်းချီ အကုန်ကျခံနေရပြီး၊ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ကန့်သတ်ထားတဲ့ အလုပ်တွေကို ဝင်ရောက် လုပ်ကိုင်တာကြောင့် ဖေဖော်ဝါရီလအတွင်း မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

(ZT)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013