DVB Logo
Home
Lead Story
ဆိုးသွမ်းရင်း မျိုးကန်းသွားတဲ့စစ်တပ်ကို အမြစ်ဖြတ်နေတဲ့ ပြည်သူ့ဆောင်ပုဒ်များ
DVB
·
February 27, 2023
ဆိုးသွမ်းရင်း မျိုးကန်းသွားတဲ့စစ်တပ်ကို အမြစ်ဖြတ်နေတဲ့ ပြည်သူ့ဆောင်ပုဒ်များ
Donate to DVB

ကမ္ဘာ့သမိုင်းမှာ မရှိခဲ့ဘူးတဲ့ ကိုယ့်လူမျိုးကို အရက်စက်ဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ ၂ နှစ်တိုင်တိုင် ကိုယ့်ပြည်သူရဲ့ အိမ်ရာတွေ မီးရှို့ဖျက်ဆီး၊ လေယာဉ်နဲ့ဗုံးကြဲနေတဲ့ စစ်အကြမ်းဖက်ဓားပြတပ်ဟာ အခုဆို ဆိုးသွမ်းရင်း ဆိုးသွမ်းရင်းနဲ့ စစ်အင်အား ကျိုးကန်းပြုန်းတီးလို့ မျိုးဆက်သစ် ထပ်မဖြည့်နိုင်ဘဲ မျိုးကန်းသွားတာမို့ အလုံးစုံပျက်စီးချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာအဘိဓာန်မှာတော့ မျိုးကန်းတယ်ဆိုတာ မျိုးနွယ်ဆက် ဖြစ်ထွန်းနိုင်စွမ်း ပျက်သုဉ်းသည်။ မျိုးဆက်တိမ်ကောသည်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဖက်ဆစ်အကြမ်းဖက်ဓားပြတပ်ဟာ အထက်က အဓိပ္ပာယ်အတိုင်း မျိုးကန်းသွားတာ သေချာလှပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ‌‌‌‌‌ပြည်သူမုန်းလို့ မရှင်သန်နိုင်တော့တဲ့ စစ်တပ်ထဲကို ဘယ်သူမှ မဝင်ချင်တော့ဘဲ တပ်သားသစ်ရဖို့ဆိုတာ ရွှေထက်ရှားသွားတာမို့ စစ်တပ်ဟာ မျိုးဆက်ပြတ်၊ မျိုးရိုးတိမ်ကောသွားတာမို့ အသက်ငင်နေတဲ့ မျိုးကန်းအဖွဲ့အစည်းဆိုးကြီး ဖြစ်သွားခဲ့ပါပြီ။

နှစ်ပေါင်း ၆၀ ကျော် ပြည်သူလူထုအပေါ် ဗိုလ်ကျရမ်းကားတဲ့ အကျင့်ဆိုးဟာ ဂျွတ်တက်လာရင်း ဖျောက်ဖျက်ပြင်ဆင်လို့ မရလောက်အောင် ဆိုးသွမ်းလာကြတာမို့ အများပြည်သူတွေက ခွင့်မလွှတ်နိုင်တော့ဘဲ ပုပ်ပွလောက်တက်သွားတဲ့ စစ်မိစ္ဆာ လက်နက်ကိုင်တပ်ကို အပြီးတိုင်အမြစ်ဖြတ်ဖို့ ဆုံးဖြတ်တော်လှန်နေကြပြီ ဖြစ်ပါတယ်။

ဒါကို သက်သေပြနေတာကတော့ သေနတ်အားကိုးနဲ့ တရားမဲ့အာဏာသိမ်းပြီး အကြမ်းဖက် သတ်ဖြတ်မိုက်ရိုင်းနေတဲ့ စစ်ဘီလူးသဘက်တွေကို နည်းနည်းမှ နောက်မတွန့်ဘဲ သက်စွန့်ဆံဖျား ရက်ပေါင်း ၇၅၀ ကျော်တိုင်အောင် နေ့စဉ်ရက်ဆက် အကြမ်းမဖက် ဆန္ဒထုတ်ဖော်ရင်း ဆန့်ကျင်တွန်းလှန်နေကြတာမို့ ဦးညွှတ်အလေးပြုထိုက်တဲ့ အောက်ပါ လူထုသပိတ်စစ်ကြောင်းများ ဖြစ်ပါတယ်။

(၁) လက်ပံတောင်းတောင်ဒေသ လူထုသပိတ်အင်အားစု

(၂) ယင်းမာပင်မြို့နယ် ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်အင်အားစု

(၃) ယင်းမာပင်၊ ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်အင်အားစု

(၄) မြိုင်မြို့နယ် သပိတ်အင်အားစု

(၅) ပြည်ကြီးတံခွန် သပိတ်အင်အားစု

(၇) ယင်းမာပင်မြို့နယ် ရွှေနွယ်သွေး သပိတ်အင်အားစု

(၆) ယင်းမာပင်မြောက်ခြမ်းကျေးရွာများ သပိတ်အင်အားစု

(၇) ကချင်ပြည်နယ် ဖားကန့်လူထု သပိတ်အင်အားစု

(၈) ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်အင်အားစု

(၉) မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်အင်အားစု

(၁၀) တန့်ဆည်သပိတ်အင်အားစု

(၁၁) ကလေးမြို့ ပင်မသပိတ်အင်အားစု

(၁၂) လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်အင်အားစု

၁၃) ရန်ကုန်မြို့မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) သပိတ်အင်အားစု

(၁၄) ယင်းမာပင်မြို့နယ် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်အင်အားစု

(၁၅) ပုလဲလူထုသပိတ်အင်အားစု

စတဲ့ ပြည်လူထုရဲ့ အလံမလှဲစတမ်း စစ်အာဏာရှင်အမြစ်ဖြတ်ရေး နိုင်ငံရေးတိုက်ပွဲတွေမှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (အကလ)၊ Youth Association Of Thingangyun (YAT) နဲ့ Youth Scout for Democracy (Y.S.D) တို့လို လူငယ်ကျောင်းသားတွေ ပူးပေါင်းလက်တွဲလို့ အရှိန်အဟုန် မြှင့်တင်နေကြတာဟာ ဆိုးသွမ်းရင်း မျိုးကန်းသွားတဲ့ စစ်တပ်ရဲ့ နောက်ဆုံးရက်များကို ရေတွက်နေခြင်းပဲ ဖြစ်ပါတယ်။

အဆိုပါ လူထုသပိတ်အင်အားစုတွေရဲ့ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို ကြည့်လိုက်ရင်လည်း ပြည်သူ့ဆန္ဒအားလုံး ထင်ဟပ်တဲ့အပြင် ဖိနှိပ်မှုကို လုံးဝလက်မခံတော့ဘူး ဆိုတာကို စိတ်ပိုင်းဖြတ်ထားမှု၊ လူထုရဲ့ ရည်မှန်းချက်ပန်းတိုင်၊ ခံယူချက်၊ ခံစားချက်၊ နိုင်ငံရေးအမြင်သဘောတရား၊ လောကအမြင်၊ ယုံကြည်ချက် စတာတွေအားလုံးကို ထင်ဟပ်နေပါတယ်။

“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ရဲရဲတိုက်ပွဲဝင်ကြ”

“မြေပေါ်မြေအောက်အတူချီတက် ဘုံရန်သူကိုအမြစ်ဖြတ်”

“လူထုတိုက်ပွဲအရှိန်မြှင့်ကြ၊ ဘုံရန်သူကိုချေမှုန်းကြ”

“တသံတည်းညီ တချီတည်းရုန်း”

“လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်”

“နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ”

“အောင်ဆန်းစိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ”

“စစ်မှန်တဲ့ တော်လှန်ရေးကို ခမ်းနားတဲ့ အချစ်က ဦးဆောင်လမ်းပြတယ်”

“KIA KNU CNF PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ”

“NUG အစိုးရ ဒို့အစိုးရ”

“တရားမဝင်ရွေးကောက်ပွဲ လူထုအားဖြင့်တိုက်ဖျက်ကြ”

“ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ”

“ဖောက်ပြန်သူမှန်သမျှ တော်လှန်မည်”

“CDM ကိုင်စွဲ အဆုံးထိတိုက်မည်”

“လူမဆန် ယုတ်မာမှုကို လူမှန်လျှင် ဆန့်ကျင်ကြ”

“လူငယ်တွေ နိုင်ငံရေးလုပ်ကြတာကို မကြောက်ကြပါနဲ့ လူငယ်တွေ နိုင်ငံရေးကို နားမလည်မှ ဒီနိုင်ငံရဲ့အန္တရာယ်ပါ”

“အသံမတိတ် အလံမလိပ် ပြည်/ခွန်သပိတ်”

“သွေးမအေးတဲ့ ရွှေနွယ်သွေး”

“ရွှေညာမြေက တော်လှန်ပန်းတွေ ပွင့်နေဆဲပဲ”

“အညာမြေကိုဖိလေ အညာမြေက ပိုကြွလေ”

“မတရားမှုမှာ အယူခံမရှိ”

“ဖောက်ပြန်သူမှန်သမျှ တော်လှန်မည်”

“ဖောက်ပြန်သူတို့ရွေးကောက်ပွဲ ပြည်သူ့အားနဲ့ဆန့်ကျင်ကြ”

“လုံးဝအုပ်ချုပ်ခွင့် မရစေရ”

“လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့အဓိပ္ပာယ် ဒို့တော်လှန်မှရလိမ့်မယ်”

“ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်”

“ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”

“အာဏာရှင်ရှိရင် တော်လှန်ပုန်ကန်သူ လူထုရှိတယ်”

“ပြာပုံကနေပြည်သစ်တည် အတူရုန်းကန် ဖေးမမည်”

“လွတ်မြောက်ခွင့်ကို လက်ဖြန့်ပြီး ခွဲတမ်းယူလို့မရဘူး လက်သီးဆုပ်ပြီး သိမ်းပိုက်ယူမှရမယ်”

“တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

“Fight against illegitimate and Shame Election of Fascist Military”

“တောင်တန်းပြည်မ ညီညွတ်ကြသည်”

“နောက်ပြန်မလှည့်ကြေး”

“အနိုင်မခံ အရှုံးမပေး ၅/တို့သွေး”

“ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ”

“ဖိလေကြွလေ တန့်ဆည်မြေ”

“ငါတို့သည် ပြာပုံကိုမကြောက် စစ်ဖိနပ်အောက် ဒူးမထောက်”

“စစ်တပ်ဟာ နိုင်ငံရဲ့အစေခံပဲဖြစ်ရမယ်”

ဒါကြောင့်မို့လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF တွေ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ EAOs အပါအဝင် အားလုံးဟာ ပြည်သူကိုဗဟိုပြု ပြည်သူကိုလေးစား ပြည်သူ့ထံက သင်ကြားကြရမယ် ဆိုတဲ့ အဓိပ္ပာယ်ရတဲ့စကားမျိုး ပြောခဲ့ပါတယ်။ လူမဆန်အောင် ရက်စက်ရုံမက သွေးခွဲအုပ်ချုပ်ရာမှာ ကျွမ်းကျင်တဲ့ စစ်မိစ္ဆာတပ်ကို ရင်ဆိုင်ရာမှာ ဒီထက်ပိုညီညွတ်ဖို့၊ ဒီထက်ပိုပြီး ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီအမြင် ရင့်ကျက်ဖို့ လိုအပ်ပါတယ်။

တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထုဟာ ခေတ်အဆက်ဆက် တာဝန်ကျေခဲ့ကြပါတယ်။ လမ်းမတွေပေါ်တက် ဆန္ဒပြရမယ့်အချိန်မှာ မပျက်မကွက် ဇွဲနဘဲနဲ့ ဆန္ဒပြခဲ့ကြသလို တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပခွင့်ရတိုင်း မဲပေးရမယ့် အချိန်တိုင်းမှာလည်း မှန်ကန်တဲ့ ပြည်သူ့ကိုယ်စားလှယ်နဲ့ ပြည်သူ့ပါတီများကိုသာ ပြတ်ပြတ်သားသား ဆန္ဒပြုခဲ့ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် လက်နက်အားကိုး ကိုယ့်ပြည်သူကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ရမ်းကားနေတဲ့ စစ်တိရစ္ဆာန်အဖွဲ့ဟာ ပြည်တွင်းပြည်ပနှစ်ရပ်စလုံးမှာ လူကောင်းသူကောင်း၊ သိက္ခာရှိတဲ့အဖွဲ့အစည်း‌ကောင်း၊ နာမည်ကောင်းရှိတဲ့ ဘယ်တိုင်းနိုင်ငံကမှ အသိအမှတ်ပြုခြင်း မခံရဘဲ လူဆိုးလူယုတ်၊ ရဟန်းယုတ်တွေ၊ သိက္ခာမဲ့တဲ့ အဖွဲ့အစည်းတွေ၊ လက်ချိုးရေတွက်လို့ရတဲ့ မိစ္ဆာဝင်ရိုးတန်းနိုင်ငံ အနည်းအကျဉ်းနဲ့ ထင်ရာစိုင်း ရမ်းကားဆိုးသွမ်းရင်း ပြည်သူလူထုရဲ့ နာကြည်းမုန်းတီးစွာ ဝိုင်းဝန်းချေမှုန်းမှု ခံနေရတာကြောင့် အခုဆို ရှေ့ဆက်ရှင်သန်နိုင်စရာ မျိုးပွားနိုင်စရာ အခြေအနေအားလုံး ပျက်သုဉ်းလို့ မျိုးဆက်သစ် ထပ်မဖြည့်နိုင်ဘဲ မျိုးကန်းသွားခဲ့ရပြီမို့ အကြွင်းမဲ့ ပျက်စီးချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013