
လူသားတွေပြုလုပ်တဲ့ ရာသီဥတုပြောင်းလဲမှုတွေ မရှိဘဲ ဥရောပအနောက်ပိုင်းမှာ စံချိန်တင် အပူလှိုင်းဖြတ်ခြင်းက မယုံကြည်နိုင်စရာကောင်းကြောင်း သိပ္ပံပညာရှင်တွေက ဇွန် ၂၆ ရက်မှာ ပြောပါတယ်။
ဒီတပတ်အတွင်း ဥရောပမှာ ညအပူချိန်ပြောင်းလဲမှုတွေ အကြိမ် ၁၀၀ ကျော်ရှိကာ ပြီးခဲ့တဲ့ ၁၀ စုနှစ် ၂ ခုကထက်ပိုပြီး အပူချိန်တိုးလာတာ ဖြစ်ပါတယ်။
“ဒီဒေသတွေကို လေ့လာပြီးချိန်မှာ အပူလှိုင်းဖြတ်သန်းမှုက စံချိန်တင်တဲ့အထိ ပြင်းထန်ပါတယ်” လို့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့ရာသီဥတုလေ့လာရေး WWA သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ ဇွန် ၂၅ ရက်က စံချိန်တင်ပူခဲ့သလို လူဒါဇင်ကျော် သေဆုံးခဲ့ကာ ဓာတ်အားပြတ်တောက်မှုနဲ့ ကျောင်းတွေ အပါအဝင် အထင်ကရနေရာတွေ ပိတ်ထားခဲ့ရပါတယ်။
ဥရောပတိုက်ရဲ့ အပူလှိုင်းဖြတ်သန်းမှုက ၁၀ စုနှစ် အနည်းငယ်အတွင်း ဆိုးရွားလာခဲ့တယ်လို့ WWA က တွေ့ရှိထားပါတယ်။
၁၉၇၆ ခုနှစ် ဇွန်လကလည်း အခုလို အပူလှိုင်းဖြတ်သန်းမှုမျိုး ရှိခဲ့ပေမဲ့ အခုအပူချိန်ထက်တော့ ၃ ဒသမ ၅ ဒီဂရီဆဲစီးယပ်လောက် ရှိတယ်လို့ ဆိုပါတယ်။
ဥရောပမြို့ပေါင်း ၈၀၀ ကျော်မှာ ၄၅ ရာခိုင်နှုန်းလောက်က စံချိန်တင် အပူချိန် မြင့်တက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဇွန်လကုန် အပူချိန်အမြင့်ဆုံးနဲ့ ကြုံနေတာပါ။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ကျောက်မီးသွေး၊ လောင်စာဆီ၊ ဓာတ်ငွေ့တို့ ထုတ်လွှတ်မှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှုဖြစ်စဉ် ဖြစ်စေပြီး ၁၉ ရာစုကထက် ပျမ်းမျှ ၁ ဒသမ ၄ စင်တီဂရိတ်လောက် အပူချိန် မြင့်တက်လာတယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန် ဥရောပမှာ ရင်ဆိုင်နေရတဲ့ အပူချိန်မြင့်တက်မှုက ကမ္ဘာပေါ်မှာ အပူချိန်မြင့်တက်မှု အမြန်ဆုံးတိုက် ဖြစ်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
WWA ရဲ့ မှတ်တမ်းများအရ ၂၀၂၂ ခုနှစ် နွေရာသီကစပြီး အပူလှိုင်းဖြတ်သန်းမှုကြောင့် လူသေဆုံးမှုဟာ ၆၀,၀၀၀ ကျော်အထိ ရှိလာပြီလို့ သိရပါတယ်။










