
စစ်ကိုင်းတိုင်း ခင်ဦးမြိုနယ်အနောက်ဘက်ခြမ်းက ကျေးရွာတွေအတွင်းကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းလောက်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၉၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံသာယာ၊ ကံသစ်၊ ဗအိုး၊ ငှက်ပျောရွာ၊ မြစ်တော်၊ အင်တိုင်းကြီး၊ ဆီပုတ္တရာ စတဲ့ ရွာ ၇ ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ခင်ဦးမြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဗအိုးရွာသူတဦးက “အဲဒီစစ်ကြောင်းက နေ့လယ်မှာ ဗအိုးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာ။ နီးစပ်ရာကျေးရွာတွေပါ ပြေးရတယ်" လို့ ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ခင်ဦးမြိုနယ်အတွင်းက ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၆၀၀ ကျော် မီးရှို့ခံထားရပြီး ဖေဖော်ဝါရီ ၂၄ ရက် ညနေကလည်း မြိုပေါ်က နေအိမ်နဲ့ဆိုင်ခန်းတချို့ကို စစ်တပ်က စီးနင်းဝင်ရောက်ကာ ဒေသခံ ၁၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်း ထန်ကုန်းတိုက်နယ် ညောင်ဇင်ရွာမှာ တရက်တည်း ပြည်သူ ၅ ဦးမိုင်းထိပြီး ၁ ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့မနက်က ကာဘိုးရွာဘက်ကနေ ညောင်ဇင်ရွာကို ဆိုင်ကယ်နဲ့ ဈေးလာရောင်းတဲ့ လင်မယား ၂ ဦးနဲ့ ဒေသခံအရပ်သား ၃ ဦး ကျေးရွာအဝင်အထွက် လမ်းတွေမှာ မိုင်းထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “မိုင်းပေါက်သံကြားတာနဲ့ သေနတ်သံတွေပါကြားရတယ်။ ရွာအဝင်အထွက်နေရာတွေမှာ ဖြစ်သွားတာ။ အခုဆို ရွာထဲကနေ ရွာပြင်တောင် မထွက်ရဲတော့ဘူး။ ထိတဲ့သူတွေကို ကန့်ဘလူဆေးရုံကို ပို့ထားတယ်၊ တယောက်တော့ ဆိုးဆိုးရွားရွား ဖြစ်သွားတယ်” လို့ ပြောပါတယ်။
နယ်ခံပျူစောထီးတွေကလည်း PDF တွေ လာတိုက်မှာကို စိုးရိမ်တာကြောင့် ရွာအနီးနားက နေရာအများစုမှာ အခုလို မိုင်းထောင်ထားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့တုန်းကလည်း ညောင်ဇင်ရွာမှာ ထောင်ထားတဲ့ မိုင်းပေါက်ကွဲမှုကြောင့် လယ်တောထဲသွားတဲ့ ပြည်သူတဦးနဲ့ နွားနှစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။